“၂၀၃၀ ကမ္ဘာ့ဖလားဗိုလ်လုပွဲကို စပိန်နိုင်ငံမှာ ကျင်းပမည်”
29 Jan
စပိန်ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ရာဖေးလ်လူဇန် က ၂၀၃၀ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ဗိုလ်လုပွဲကို စပိန်နိုင်ငံမှာ ကျင်းပမယ်လို့ ကြေညာခဲ့ပါတယ်။ ၂၀၃၀ ကမ္ဘာ့ဖလားပြိုင်ပွဲကို စပိန်နိုင်ငံနဲ့အတူ ပေါ်တူဂီနဲ့ မော်ရိုကိုနိုင်ငံတို့က ပူးတွဲအိမ်ရှင်အဖြစ် လက်ခံ ကျင်းပသွားမှာဖြစ်ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ နှစ်(၁၀၀) ပြည့်ဖြစ်တာကြောင့် ဥရုဂွေး၊ အာဂျင်တီးနားနဲ့ ပါရာဂွေးနိုင်ငံ တွေမှာလည်း အုပ်စုအဖွင့်ပွဲတစ်ပွဲစီ ကျင်းပသွားမယ်လို့ သိရပါတယ်။ ပူးတွဲအိမ်ရှင် ၃ နိုင်ငံထဲမှာ စပိန်က ဦးဆောင် နိုင်ငံဖြစ်ပြီး စပိန်က ကွင်း ၁၁ ကွင်း၊ မော်ရိုကိုက ကွင်း ၆ ကွင်း၊ ပေါ်တူဂီက ကွင်း ၃ ကွင်းမှာ ပွဲစဉ်တွေ ယှဉ်ပြိုင် ကစားဖို့ စီစဉ်ထားပါတယ်။ သို့သော် နောက်ဆုံးဗိုလ်လုပွဲကို ဘယ်နိုင်ငံမှာ ကျင်းပမလဲဆိုတာ ရွေးချယ်ရခြင်း မရှိသေးဘဲ မော်ရိုကိုနိုင်ငံက အသစ်တည်ဆောက်နေတဲ့ ကွင်းသစ်ကြီးမှာ လက်ခံကျင်းပခွင့်ရဖို့ မျှော်လင့်နေကြောင်း သိရပါတယ်။ ၂၀၂၈ ခုနှစ်မှာ ပြီးစီးမယ့် အဲဒီကွင်းသစ်ကြီးက ပရိသတ် ၁၁၅,၀၀၀ ဝင်ဆံ့မှာဖြစ်တာကြောင့် ဗိုလ်လုပွဲကျင်းပဖို့ ရွေးချယ်ခံရနိုင်ခြေရှိနေပါတယ်။ (NVS 008)