“အမြန်လမ်းမှာ လမ်းပြင်ဆင်ထိန်းသိမ်းနေတာကြောင့် အရှိန်လျှော့မောင်းနှင်ကြရန်မေတ္တာရပ်ခံ”
29 Jan
ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၏ နေရာ ၈ ခုမှာ လမ်းပြင်ဆင်ထိန်းသိမ်းနေ၍ အမြန်လမ်းအသုံးပြုသူများ အနေနဲ့ အဆိုပါနေရာများမှာ အရှိန်လျှော့မောင်းနှင်ကြရန် အမြန်လမ်းမကြီးထိန်း/ပြင်အဖွဲ့က မေတ္တာရပ်ခံထား ကြောင်း သိရပါတယ်။ အမြန်လမ်းမကြီး၏ မိုင်တိုင်အမှတ် ၃၂/၆ နှင့် ၃၂/၇ အတွင်း လသာကုန်း Under Pass(မန္တလေးမှရန်ကုန် အပြန်လမ်း)၌ ကွန်ကရစ်လမ်းခင်းခြင်း၊ မိုင်တိုင်အမှတ် ၁၄၅/၀ နှင့် ၁၄၅/၃ အတွင်း ခပေါင်းတံတား(မန္တလေးမှ ရန်ကုန် အပြန်လမ်း)တွင် အတက်/အဆင်းလမ်းပြုပြင်ခြင်း၊ မိုင်တိုင်အမှတ် ၁၆၅/၁ နှင့် ၁၆၅/၃ အတွင်း ဆွာချောင်း တံတား(မန္တလေးမှရန်ကုန်အပြန်လမ်း)မှာ တံတားအသစ်တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါတယ်။ မိုင်တိုင်အမှတ် ၁၈၈/၂ နှင့် ၁၈၈/၃ ကြား(မန္တလေးမှရန်ကုန်အပြန်လမ်း)မှာ ရေပြွန်တူးဖော်ပြုပြင်ခြင်း၊ မိုင်တိုင် အမှတ် ၁၉၀/၁ နှင့် ၁၉၀/၃ အတွင်း(မန္တလေးမှရန်ကုန်အပြန်လမ်း)မှာ မှောက်ခုံချောင်းတံတားအတက်/အဆင်းလမ်းနှင့် တံတားပြုပြင်ခြင်း၊ မိုင်တိုင်အမှတ် ၃၄၁/၅ နှင့် ၃၄၁/၆အတွင်း (မန္တလေးမှရန်ကုန် အပြန်လမ်း)တွင် ကွန်ကရစ် လမ်းခင်းခြင်းလုပ်ငန်းများကိုလည်းဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။ ဆက်လက်ပြီး မိုင်တိုင်အမှတ် ၃၄၅/၇ နှင့် ၃၄၆/၃ အတွင်း (ရန်ကုန်မှမန္တလေး အသွားလမ်း)တွင် သမင်လွှဲရိုး တံတားအတက်/အဆင်းလမ်းပြုပြင်ခြင်းနှင့် မိုင်တိုင်အမှတ် ၃၄၇/၅ နှင့် ၃၄၇/၆အတွင်း(ရန်ကုန်မှမန္တလေး/မန္တလေးမှ ရန်ကုန် အသွားလမ်း/အပြန်လမ်း)၌ ကွန်က ရစ်လမ်းခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။ ဒါကြောင့် အမြန်လမ်းမကြီးအား အသုံးပြုသွားလာနေကြသော ယာဉ်မောင်းများအနေဖြင့် ယင်းမိုင်တိုင်များ အနီးချဉ်းကပ်ချိန်မှာ သတိပြု၍အရှိန်လျှော့မောင်းနှင်ကြရန် အမြန်လမ်းမကြီးထိန်း/ပြင်အဖွဲ့က မေတ္တာရပ်ခံထား ကြောင်း သိရပါတယ်။ (NVS 004)