“အင်္ဂလန်တိုက်စစ်မှူး အေဘရာဟမ် ကို ခေါ်ယူလိုက်တဲ့ အက်စတွန်ဗီလာအသင်း”
28 Jan
အက်စတွန်ဗီလာအသင်းက ဘက်ဆစ်တက်အသင်မှ အင်္ဂလန်တိုက်စစ်မှူး အေဘရာဟမ် ကို ပေါင် ၁၈ ဒသမ ၂၅ သန်းနဲ့ ခေါ်ယူလိုက်ပါတယ်။ အက်စတွန်ဗီလာအသင်းဟာ လိဂ်ချန်ပီယံရှစ်မှ အေဘရာဟမ်ကို တစ်ရာသီအငှားခေါ်ယူခဲ့ဖူးတာကြောင့် ဒုတိယအကြိမ် ထပ်မံလက်တွဲခြင်းဖြစ်ပါတယ်။ အေဘရာဟမ် အနေနဲ့ ၂၀၁၈-၁၉ ရာသီတုန်းက အက်စတွန်ဗီလာ အသင်း ပရီးမီးယားလိဂ်ကို တန်းပြန်တက်ခွင့်ရအောင် အဓိကနေရာက ကူညီပေးနိုင်ခဲ့တာကြောင့် အက်စတွန်ဗီလာ ပရိသတ်တွေ သဘောကျတဲ့ ကစားသမားဖြစ်ခဲ့သလို၊ လက်ရှိနည်းပြ အူနိုင်းအမ်မရီ ကလည်း အေဘရာဟမ် ကို ခေါ်ယူဖို့ အရင်ကတည်းက ဆန္ဒရှိနေခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။ အသက် ၂၈ နှစ်ရှိပြီဖြစ်တဲ့ အေဘရာဟမ် က ချဲလ်ဆီးအကယ်ဒမီက ထွက်ပေါ်လာသူဖြစ်ပြီး ၂၀၂၁ နွေရာသီမှာ ရိုးမားအသင်းဆီ ပေါင် ၃၄ သန်းနဲ့ ချဲလ်ဆီးအသင်းက ရောင်းထုတ်ခဲ့တာ ဖြစ်ပါတယ်။ ရိုးမားအသင်းက အေဘရာဟမ် ဒဏ်ရာရရှိခဲ့ပြီးနောက် အသင်းမှာ ဆက်မထားလိုတော့ဘဲ အငှားချမှုတွေပြုလုပ်ခဲ့ပြီး ဘက်ဆစ်တက် အသင်းက နောက်ဆုံးအငှားကစားတဲ့ အသင်းဖြစ်ပါတယ်။ အက်စတွန်ဗီလာအသင်းက အေဘရာဟမ် ကို ၂၀၃၀ ခုနှစ် အထိ စာချုပ်ချုပ်ဆိုခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။ (NVS 008)