“ယူကရိန်းအနေဖြင့် လုံခြုံရေးအာမခံချက် ရရှိရေးအတွက် ဒွန်းဘတ်မှဆုတ်ခွာရန် အမေရိကန်ဖိအားပေး”

28 Jan

ယူကရိန်းနိုင်ငံအနေဖြင့် နောင်တွင် လုံခြုံရေးအာမခံချက်များရရှိရေးအတွက် လက်ရှိရုရှားလက်အောက် ရောက်ရှိနေသော ဒွန်းဘတ်ဒေသမှ အပြီးတိုင်ဆုတ်ခွာပေးရန် အမေရိကန်ညှိနှိုင်းရေးမှူးများက ဖိအားပေးနေကြောင်း Financial Times သတင်းဌာနက ဇန်နဝါရီလ ၂၇ ရက်တွင် ဖော်ပြထားသည်။ ဒေါ်နယ်ထရမ့် ၏ အစိုးရအဖွဲ့အနေဖြင့် ယူကရိန်းအပေါ် လုံခြုံရေးအာမခံချက်ပေးနိုင်မည့် အခြေအနေသည် ယူကရိန်းနိုင်ငံက ငြိမ်းချမ်းရေးသဘောတူညီချက်ကို သဘောတူခြင်းရှိ၊ မရှိအပေါ်မူတည်နေသည်ဟုပြောသည်။ ထိုသဘောတူညီချက်တွင် ဒွန်းညက်နှင့် လူးဟန့်စ်ဒေသ တို့မှယူကရိန်းတပ်များ ဆုတ်ခွာပေးရန်တောင်းဆိုမှု ပါဝင်သည်။ ယင်းစည်းကမ်းချက်များကို လက်ခံလျှင် ငြိမ်းချမ်းရေးကာလအတွင်း ယူကရိန်းအား လက်နက်များ ပိုမိုထောက်ပံ့ပေးမည်ဟု အမေရိကန်ဘက်က အရိပ်အယောင်ပြထားသည်။ သို့သော် အိမ်ဖြူတော်မှ တာဝန်ရှိသူတစ်ဦးဖြစ်သည့် အန်နာကယ်လီ က ထိုသတင်းမှာ မှားယွင်းကြောင်း ငြင်းဆိုထားပြီး အမေရိကန်၏အခန်းကဏ္ဍမှာ နှစ်ဖက်စလုံးသဘောတူညီမှုရရှိရေး စေ့စပ်ပေးရန်သာဖြစ်သည်ဟု ဆိုသည်။ လုံခြုံရေးအာမခံချက်ဆိုင်ရာမူဘောင်မှာ ရာနှုန်းပြည့်အဆင်သင့်ဖြစ်နေပြီဟု ယူကရိန်းသမ္မတ ဇာလန်းစကီ က ပြောသော်လည်း ထရမ့် နှင့် သဘောတူညီချက်ရထားခြင်းမရှိကြောင်း RT သတင်းဌာနဖော်ပြချက်အရ သိရသည်။

28 Jan

ADVERTISE HERE .