“ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအပိုင်း ၃ ပိုင်းတွင် ၁၃ သန်းကျော် မဲပေးခဲ့”
28 Jan
၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်တွင် စတင်ကျင်းပခဲ့တဲ့ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအပိုင်း ၃ ပိုင်းလုံးမှာ မဲပေးခွင့်ရှိတဲ့ မဲဆန္ဒရှင်စုစုပေါင်း ၂၄ ဒသမ ၂၂ သန်းကျော်ရှိပြီး စုစုပေါင်း မဲလာပေးသူ ၁၃ ဒသမ ၁၄ သန်းကျော်ဖြစ်ကာ လာရောက်မဲပေးသူ ရာခိုင်နှုန်းအရ ၅၅ ရာခိုင်နှုန်းခန့်ရှိကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်း ရဲ့ ပြောကြားချက်အရ သိရပါတယ်။ အဆိုပါ မဲပေးနိုင်သူများအနက် အပိုင်း(၁)မှာ မဲပေးခွင့်ရှိသူ ၁၁ ဒသမ ၆၉ သန်းကျော်အနက် လာရောက် မဲပေးသူ ၆ ဒသမ ၀၉ သန်းကျော်ရှိပြီး မဲပေးသူရာခိုင်နှုန်း ၅၂ ဒသမ ၁၃ ၊ ရွေးကောက်ပွဲ အပိုင်း(၂)၌ မဲပေးခွင့်ရှိသူ ၇ ဒသမ ၅၉ သန်းကျော်အနက် လာရောက်မဲပေးသူ ၄ ဒသမ ၂၄ သန်းကျော်ရှိကာ မဲပေးသူရာခိုင်နှုန်း ၅၅ ဒသမ ၉၅ နှင့် ရွေးကောက်ပွဲအပိုင်း(၃)၌ မဲပေးခွင့်ရှိသူ ၄ ဒသမ ၉၄ သန်းကျော်ရှိပြီး လာရောက်မဲပေးသူ ၂ ဒသမ ၇၉ သန်းကျော် ရှိကာ မဲပေးသူရာခိုင်နှုန်း ၅၆ ဒသမ ၄၈ ရှိခဲ့ပါတယ်။ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၁)ကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်တွင် မြို့နယ် ၁၀၂ မြို့နယ်၌လည်းကောင်း၊ ရွေးကောက်ပွဲအပိုင်း(၂)ကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်တွင် မြို့နယ် ၁၀၀ ၌ လည်းကောင်း၊ ရွေးကောက်ပွဲ အပိုင်း(၃)ကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၅ ရက်တွင် မြို့နယ် ၆၁ မြို့နယ်၌ လည်းကောင်း ကျင်းပပြုလုပ်ခဲ့ပြီး၊ စုစုပေါင်း ၂၆၃ မြို့နယ်မှာ ကျင်းပပြုလုပ်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ ယခုရွေးကောက်ပွဲများမှ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် ၂၆၃ နယ်၊ အမျိုးသားလွှတ်တော် မဲအများဆုံးရသူ အနိုင်ယူစနစ်(FPTP) မဲဆန္ဒနယ် ၇၃ နယ်၊ အချိုးကျကိုယ်စားပြုစနစ်(PR) မဲဆန္ဒနယ် ၂၆ နယ်၊ တိုင်းဒေသကြီး လွှတ်တော်(သို့မဟုတ်)ပြည်နယ်လွှတ်တော် မဲအများဆုံးရသူအနိုင်ယူစနစ်(FPTP) မဲဆန္ဒနယ် ၂၅၅ နယ်၊ တိုင်းဒေသကြီးလွှတ်တော် (သို့မဟုတ်)ပြည်နယ်လွှတ်တော် အချိုးကျကိုယ်စားပြုစနစ် (PR) မဲဆန္ဒနယ် ၄၂ နယ် နှင့် တိုင်းဒေသကြီးလွှတ်တော်(သို့မဟုတ်)ပြည်နယ်လွှတ်တော် တိုင်းရင်းသားလူမျိုးမဲဆန္ဒနယ် ၂၉ နယ်တို့ကို ရွေးကောက်တင်မြှောက်ခဲ့တယ်လို့ သိရပါတယ်။ ရွေးကောက်ပွဲအပိုင်း (၃) ပိုင်းလုံးမှာ နိုင်ငံတကာလေ့လာသူနှင့် အဖွဲ့များ၊ ရန်ကုန်မြို့အခြေစိုက်သံရုံများမှ လေ့လာခဲ့ကြသလို ပြည်တွင်းနှင့် ပြည်ပသတင်းထောက် ၁,၆၂၈ ဦးတို့က လေ့လာစောင့်ကြည့် သတင်းရယူခဲ့ ကြတယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားခဲ့ပါတယ်။ (NVS 004)