“မိတ္ထီလာမြို့နယ်၌ နွေစပါးနှင့် အခြားသီးနှံများ စိုက်ပျိုးနိုင်ရေးအတွက် ဆည်၊ ကန်၊ တမံများမှ ပျိုးထောင်ရေများ ဖေဖော်ဝါရီလ ဒုတိယပတ်တွင် စတင်ဖြန့်ဝေပေးသွားမည်”
28 Jan
မိတ္ထီလာမြို့နယ်၌ နွေစပါးနှင့်အခြားသီးနှံများ စိုက်ပျိုးနိုင်ရေးအတွက် ဆည်၊ ကန်၊ တမံများမှ ဖေဖော်ဝါရီလ ၁၀ ရက်မှစတင်၍ ပျိုးထောင်ရေများကို ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့် ခွဲရေးဦးစီးဌာနမှ သိရပါတယ်။ မိတ္ထီလာမြို့နယ် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနအနေနဲ့ မြို့နယ်အတွင်းရှိဒေသခံ တောင်သူများ နွေစပါးနှင့်အခြားသီးနှံများ အချိန်မီစိုက်ပျိုးနိုင်ရေးနှင့် စိုက်ပျိုးရေဖူလုံစေရေးတို့အတွက် ဦးစီးဌာန၏ ထိန်းသိမ်းမှုအောက်ရှိ ဆည်၊ ကန်၊ တမံများမှ လယ်ယာမြေစိုက်ခင်းများအရောက် စနစ်တကျ ဖြန့်ဝေဆောင်ရွက် ပေးလျက်ရှိခြင်းကြောင့် ဒေသခံတောင်သူများ စိုက်ပျိုးရေ လုံလောက်စွာရရှိသဖြင့် သီးနှံစိုက်ခင်းများ အောင်မြင် ဖြစ်ထွန်းကာ လုပ်ငန်းများ အဆင်ပြေလျက်ရှိပါတယ်။ ယခုနှစ် ၂ဝ၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် မိတ္ထီလာကန်၊ မုန်တိုင်ဆည်နှင့် ချောင်းကောက်ဆည်ရေတို့ဖြင့် ဆည် နွေစပါးစိုက်ဧက ၈၄ဝ နှင့် အခြားသီးနှံ စိုက်ဧက ၅ဝ တို့ကို စိုက်ပျိုးသွားမည်ဖြစ်ရာ ၄င်း ဆည်ကန်တမံများဖြင့် နွေစပါးနှင့် အခြားသီးနှံများ စိုက်ပျိုးနိုင်ရန် ပျိုးထောင်ရေကို ဖေဖော်ဝါရီလ ၁ဝ ရက်မှ စတင်၍ လွှတ်ပေးသွားမှာဖြစ်ပါတယ်။ အဆိုပါ နွေစပါးနှင့် အခြား သီးနှံများကို မိတ္ထီလာကန်၊ မုန်တိုင်ဆည်နှင့် ချောင်းကောက်ဆည်ရေတို့ဖြင့် ထမုန်ကန်၊ ညောင်ကိုင်း၊ ခင်လူး၊ လျှော်ဖြူကန်၊ ကဖြူ၊ မြာ၊ သီးကုန်း၊ မုန်တိုင်ကျေးရွာအုပ်စု ရှစ်အုပ်စုရှိကျေးရွာ ၁ဝ ရွာမှ တောင်သူများက စိုက်ဧက ၈၄ဝ စိုက်ပျိုးသွားမှာဖြစ်ပြီး အခြားသီးနှံကို မိတ္ထီလာကန်ရေဖြင့် ကဖြူကျေး ရွာအုပ်စုတွင် စိုက်ဧက ၅ဝ တို့ကို စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရပါတယ်။ (NVS 004)