“နိုင်ငံအတွက်အဓိကလိုအပ်သော ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအသစ် ၂၀ ကိုခွင့်ပြုပေး”
28 Jan
နိုင်ငံအတွက်အဓိက လိုအပ်သောလုပ်ငန်းများလုပ်ကိုင်မည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအသစ် ၂၀ ကို ဇန်နဝါရီလ ၂၆ ရက်ကကျင်းပတဲ့ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၁/၂၀၂၆)ကြိမ်မြောက် အစည်းအဝေးမှ ခွင့်ပြုပေးခဲ့ ကြောင်း သိရပါတယ်။ စက်မှုကဏ္ဍနှင့် ဝန်ဆောင်မှုကဏ္ဍတို့မှ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအသစ် ၄ ခု၊ စက်မှု၊ ဟိုတယ်ခရီး၊ လျှပ်စစ်၊ အိမ်ရာအဆောက်အအုံတည်ဆောက်ခြင်း၊ မွေးမြူရေးနှင့် ရေလုပ်ငန်း၊ ရေနံနှင့်သဘာဝဓာတ်ငွေ့ကဏ္ဍများမှ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအသစ် ၁၆ ခုတို့ကိုခွင့်ပြုပေးခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။ အဆိုပါလုပ်ငန်းများရဲ့ ရင်းနှီးမြှုပ်နှံမှုပမာဏမှာ အမေရိကန်ဒေါ်လာ ၆၂ ဒသမ ၉၁၁ သန်းနှင့် ငွေကျပ် ၂,၁၂၀,၄၃၆ ဒသမ ၆၅၂ သန်းဖြစ်ပြီး အလုပ်အကိုင်အခွင့်အလမ်းပေါင်း ၃,၃၈၂ ဦးကို အလုပ်အကိုင်များ ဖန်တီးပေး နိုင်မည်ဖြစ်ကြောင်း သိရပါတယ်။ ၎င်းတို့က နိုင်ငံအတွက် အဓိကလိုအပ်လျက်ရှိတဲ့ လျှပ်စစ်မော်တော်ယာဉ်တပ်ဆင်ထုတ်လုပ်ရောင်းချခြင်း လုပ်ငန်းများ၊ ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းများ၊ အိမ်ရာအဆောက်အအုံဆောက်လုပ်ခြင်း လုပ်ငန်းများ၊ ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း၊ စွမ်းအင်သုံးလျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းလုပ်ငန်း၊ မွေးမြူရေးလုပ်ငန်းများ၊ ပညာရေးဝန်ဆောင်မှုလုပ်ငန်းများ၊ စားသောက်ကုန်ထုတ်လုပ်ငန်းများနှင့် အထည်ချုပ်လုပ်ငန်းများကို လုပ်ကိုင်ကြ မည်ဖြစ်ကြောင်း သိရပါတယ်။ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလကုန်အထိ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံထားတဲ့ နိုင်ငံ၊ ဒေသ ၅၃ ခုအနက် ရင်းနှီးမြှုပ်နှံ မှုအများဆုံးပြုလုပ်သော နိုင်ငံ၊ ဒေသများမှာ စင်ကာပူ၊ တရုတ်နှင့် ထိုင်းနိုင်ငံတို့ဖြစ်ပြီး စီးပွားရေးကဏ္ဍ ၁၂ ခုအနက် အများဆုံးရင်းနှီးမြှုပ်နှံထားတဲ့ကဏ္ဍများမှာ လျှပ်စစ်ဓာတ်အားကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ ၂၈ ဒသမ ၂၉ ရာခိုင်နှုန်း၊ ရေနံနှင့်သဘာဝဓာတ်ငွေ့ကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ ၂၄ ဒသမ ၆၄ ရာခိုင်နှုန်း၊ စက်မှုကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ ၁၄ ဒသမ ၆၅ ရာခိုင်နှုန်းဖြင့်အသီးသီးရင်းနှီးမြှုပ်နှံထားကြကြောင်း သိရပါတယ်။ (NVS 004)