“နီပါးရ်ဗိုင်းရပ်စ်ရောဂါလက္ခဏာများခံစားရပါက လိုအပ်သည့်စစ်ဆေးကုသမှုများခံယူရန် အသိပေးထုတ်ပြန်”

28 Jan

မြန်မာနိုင်ငံမှာ နီပါးရ်ဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှုများ မတွေ့ရှိရသေးပေမယ့် နီပါးရ်ဗိုင်းရပ်စ်ရောဂါ လက္ခဏာ များခံစားရပါက ကျန်းမာရေးဌာနမှာ လိုအပ်တဲ့စစ်ဆေးကုသမှုများခံယူရန် ကျန်းမာရေးဝန်ကြီးဌာနမှ ဇန်နဝါရီလ ၂၆ ရက်ကနေ အသိပေးထုတ်ပြန်ခဲ့ပါတယ်။ မြန်မာနိုင်ငံက နီပါးရ်ဗိုင်းရပ်စ်၏ မူလလက်ခံကောင် လင်းနို့မျိုးစိတ်ဖြစ်တဲ့ သစ်သီးစားလင်းနို့/လင်းဆွဲများ ပေါများစွာတည်ရှိရာဒေသဖြစ်ပြီး ကူးစက်မှုများမကြာခဏဖြစ်ပွားလေ့ရှိတဲ့ ဒေသတွင်းနိုင်ငံများနှင့် နယ်နိမိတ်ချင်း ထိစပ်နေ၍ နီပါးရ်ဗိုင်းရပ်စ်ရောဂါ စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများကို အထူးအလေးပေးဆောင်ရွက်လျက် ရှိတယ်လို့ အသိပေးခဲ့ပါတယ်။ လတ်တလော နီပါးရ်ဗိုင်းရပ်စ်ရောဂါ ဖြစ်ပွားနေတဲ့ဒေသများသို့ မလိုအပ်ဘဲခရီးမသွားရန်၊ လတ်တလော ရောဂါဖြစ်ပွားရာဒေသများသို့ ရောက်ရှိနေသူများသည် ရောဂါဖြစ်ပွားရာဒေသများရှိ ဆေးရုံများ(သို့)ဖျားနာသူ များပြားသော နေရာများသို့ မလိုအပ်ဘဲသွားရောက်ခြင်းမပြုရန် အသိပေးခဲ့ပါတယ်။ ဒါ့အပြင် လတ်တလောရောဂါဖြစ်ပွားရာဒေသများသို့ ခရီးသွားခဲ့ပြီး မိမိနိုင်ငံသို့ ပြန်လာစဉ်၌ သံသယရောဂါ လက္ခဏာများဖြစ်တဲ့ ပြင်းထန်စွာဖျားခြင်း၊ ခေါင်းကိုက်ခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှူရခက်ခဲခြင်း၊ စိတ်ရှုပ် ထွေးခြင်း(သို့)အိပ်ငိုက်ခြင်းတို့ ခံစားရပါက လေဆိပ်ကျန်းမာရေးဌာန(သို့) နယ်စပ်ဝင်/ထွက်ပေါက်များရှိ တာဝန်ကျ ကျန်းမာရေးဝန်ထမ်းများထံ မပျက်မကွက်သတင်းပို့ရမယ်လို့ အသိပေးခဲ့ပါတယ်။ အကယ်၍ ရောဂါဖြစ်ပွားရာဒေသမှ ပြန်လာပြီး ၁၄ ရက်အတွင်း သံသယရောဂါလက္ခဏာများခံစားရပါက နီးစပ်ရာကျန်းမာရေးဌာနသို့ ချက်ချင်းဆက်သွယ်၍ ရောဂါဖြစ်ပွားရာဒေသသို့ ခရီးသွားခဲ့သည့်ရာဇဝင်ရှိကြောင်းကို ဆရာဝန်အား သေချာစွာပြောပြပြီး လိုအပ်သည့် စမ်းသပ်စစ်ဆေးကုသမှုများအချိန်မီခံယူရန် အသိပေးထားပါတယ်။ မိသားစုအတွင်း ရောဂါဖြစ်ပွားရာနိုင်ငံများမှ ပြန်လည်ရောက်ရှိလာသောအခါ သံသယဖြစ်ဖွယ် ရောဂါလက္ခဏာရှိသူများ တွေ့ရှိခြင်း၊ နေထိုင်ရာပတ်ဝန်းကျင်မှာ တိရစ္ဆာန်များ(ဝက်/လင်းနို့)တို့ ထူးထူးခြားခြား သေဆုံးခြင်းများတွေ့ရှိပါက နီးစပ်ရာကျန်းမာရေးဌာနသို့ ချက်ချင်းအသိပေးအကြောင်းကြားရန်လည်း အသိပေးထား ပါတယ်။ (NVS 004)

28 Jan

ADVERTISE HERE .