“ရန်ကုန်-မန္တလေး အမြန်လမ်းမှာ ယာဉ်တစ်စီးကို ခရီးသည်အပါအဝင်တန်ချိန် ၂၃ တန်အထိသာခွင့်ပြု”
28 Jan
ရန်ကုန်-မန္တလေး အမြန်လမ်းမှာ ယာဥ်တစ်စီးလျှင် ခရီးသည်နှင့်ကုန်အပါ ၂၃ တန်အထိသာ ဖြတ်သန်း ခွင့်ပြုထားကြောင်း အမြန်လမ်းထိန်းသိမ်းရေးနှင့်ကြီးကြပ်ရေးအဖွဲ့က အသိပေးထုတ်ပြန်ထားပါတယ်။ အသိပေးချက်မှာ အမြန်လမ်းမကြီးပေါ်ရှိ ဖြတ်သန်းမည့်ယာဉ်ကြီးများအနေနဲ့ ဆွာချောင်းတံတားအသစ် တည်ဆောက်ခြင်း ပြီးစီးသည်အထိ လက်ရှိအသုံးပြုနေသော ယာယီဘေလီတံတား၏ ခံနိုင်ဝန်အား ကန့်သတ်ချက် အရ အမြန်လမ်းတိုးဂိတ်ကတ္တားများ၌ ခရီးသည်တင်မှန်လုံယာဉ်ကြီးများနှင့် ခွင့်ပြုကုန်စည်တင်ယာဉ်များကို ယာဉ်၊ ခရီးသည်နှင့်ကုန်ပစ္စည်း စုစုပေါင်း ၂၃ တန် အထိသာ အများဆုံးသယ်ဆောင်ခွင့်ပြုထားတယ်လို့ သိရပါတယ်။ အလေးချိန် ၂၃ တန်ထက်ပိုသောယာဉ်များအနေနဲ့ အမြန်လမ်းကို(လုံးဝ)သုံးစွဲခွင့်ပြုမည်မဟုတ်ဘဲ အခြားလမ်းများမှ သွားလာရမည်ဖြစ်ကြောင်း အသိပေးထားပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်က လှုပ်ခတ် ခဲ့တဲ့ငလျင်ကြောင့် ရန်ကုန်-မန္တလေးအမြန်လမ်း ၁၆၅ မိုင် ၁ ဖာလုံ နှင့် ၁၆၅ မိုင် ၃ ဖာလုံအတွင်းရှိ ဆွာချောင်း တံတားမှာ အကြီးစားထိခိုက်ပျက်စီးခဲ့ရပြီး နေပြည်တော်မှရန်ကုန်သို့သွားတဲ့ လမ်းပေါ်ရှိတံတားကို အသစ်ပြန်လည် တည်ဆောက်လျက်ရှိကြောင်း သိရပါတယ်။ အလားတူ ရန်ကုန်မှနေပြည်တော်သို့သွားသောလမ်းပေါ်ရှိတံတားမှာလည်း အရေးပေါ်ယာယီအသုံးပြုနိုင်ရန် ဘေလီသံဘောင်များ တပ်ဆင်၍သုံးစွဲလျက်ရှိပါတယ်။ အဆိုပါတံတားကိုအသစ်ပြန်လည်တည်ဆောက်လျက်ရှိရာ ၂၀၂၆ မတ်လကုန်အထိ အန္တရာယ်ကင်းစွာသုံးစွဲနိုင်ရေးအတွက် ၂၃ တန်အထိသာ ဖြတ်သန်းခွင့်ပြုထားခြင်း ဖြစ်ကြောင်း သိရပါတယ်။ (NVS 004)