“တတိယမြောက်ပွဲမှာတင် ဟက်ထရစ်သွင်းယူခဲ့တဲ့ လိုင်ယွန်ကစားသမားအသစ် အန်းဒရစ်”
27 Jan
ရီးရဲလ်အသင်းကနေ လိုင်ယွန်အသင်းကို အငှားနဲ့ သွားရောက်ကစားနေတဲ့ ဘရာဇီးလ်တိုက်စစ်မှူး အန်းဒရစ် ဟာ ၎င်းရဲ့တတိယမြောက်ပွဲစဉ်မှာပဲ ဟက်ထရစ်သွင်းယူနိုင်ခဲ့ကြောင်း သိရပါတယ်။ အသက် ၁၉ နှစ်အရွယ် အန်းဒရစ် ဟာ ပုံမှန်ပွဲကစားခွင့်ရရှိဖို့အတွက် အငှားထွက်ကစားဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပြီး လိုင်ယွန်အသင်းမှာ ၆ လစာချုပ်နဲ့ ရာသီကုန်အထိ ကစားရမှာဖြစ်ပါတယ်။ အန်းဒရစ် ဟာ ပွဲဦးထွက်အဖြစ် ယှဉ်ပြိုင်ကစားတဲ့ လိုင်လီအသင်းနဲ့ ပြင်သစ်ဖလားပွဲစဉ်မှာပဲ လိုင်ယွန် အသင်းအတွက် ဂိုးစတင်သွင်းယူနိုင်ခဲ့ပြီး ဘရက်စ်အသင်းနဲ့ကစားတဲ့ ပြင်သစ်လီဂူးပွဲမှာတော့ ဂိုးဖန်တီးမှုသာ ပြုလုပ်နိုင်ခဲ့ပါတယ်။ တတိယအမြောက်ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားခဲ့တဲ့ မက်ဇ်အသင်းကို ၅ ဂိုး၂ ဂိုးနဲ့ အနိုင်ရရှိတဲ့ပွဲစဉ်မှာတော့ ဟက်ထရစ်သွင်းယူနိုင်ခဲ့တာဖြစ်ပြီး လိုင်ယွန်အသင်းအတွက် ပြင်သစ်လီဂူးမှာ ဟက်ထရစ်သွင်းယူနိုင်တဲ့ အသက်အငယ်ဆုံးကစားသမားအဖြစ်လည်း ၁၉ နှစ်၊ ၁၈၈ ရက်နဲ့ မှတ်တမ်းဝင်ခဲ့ကြောင်း သိရပါတယ်။ ဒါ့အပြင် အန်းဒရစ်ဟာ ပြင်သစ်လီဂူးမှာ လိုင်ယွန်အသင်းအတွက် ဂိုးသွင်းယူနိုင်တဲ့ ၂၅ ဦးမြောက် ဘရာဇီးလ် ကစားသမား အဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။ (NVS 008)