“အိန္ဒိယ၌ နီပါးဗိုင်းရပ်ကူးစက်မှုများတွေ့ရှိပြီးနောက် အာရှဒေသတစ်ဝန်း၌ စောင့်ကြည့်စစ်ဆေးမှုများ တိုးမြှင့် လုပ်ဆောင်”
27 Jan
အိန္ဒိယနိုင်ငံ အနောက်ဘန်ဂေါပြည်နယ် ရှိပုဂ္ဂလိကဆေးရုံတစ်ရုံမှ သူနာပြုနှစ်ဦးအပါအဝင် လူအများအပြား နီပါး ဗိုင်းရပ်ကူးစက်ခံရကြောင်း အတည်ပြုပြီးနောက် အာရှဒေသတစ်ဝန်း၌ ထိုဗိုင်းရပ်ကူးစက် ပျံ့နှံ့မှုနှင့်ပတ်သက်၍ စောင့်ကြည့်စစ်ဆေး မှုများကို ပိုမိုတိုးမြှင့်လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။ ယခုကဲ့သို့ဗိုင်းရပ်ကူးစက်မှုသည်ဆေးရုံ ကဲ့သို့သော ပတ်ဝန်းကျင်အခြေအနေတွင် ကူးစက်မှုဖြစ်သည့်အတွက် ယင်းဗိုင်းရပ်နှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများမြင့်တက် လာခြင်းဖြစ်သည်။ ထို့ကြောင့် ထိုင်းနိုင်ငံ ကလေဆိပ်များ၌ စောင့်ကြည့်စစ်ဆေးမှုများလုပ်ဆောင်ပြီး နီပေါနိုင်ငံက နယ်စပ်စစ်ဆေးရေးများကို တင်းကျပ်ထားသည်။ အဆိုပါ သူနာပြုနှစ်ဦးသည် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလ ၂၈ ရက်နှင့် ၃ဝ ရက်တို့ တွင်အတူတူတာဝန်ကျသူများဖြစ်ကြောင်း၊ ယင်းနောက်ရက်ပိုင်းအတွင်း အဖျားကြီးပြီး အသက်ရှူကျပ်လာကြောင်း၊ ဇန်နဝါရီလ ၄ ရက်တွင် ၎င်းတို့ကို အထူးကြပ်မတ်ကုသဆောင်သို့ တင်လိုက်ရကြောင်း၊ ထိုသူနာပြုများသည် လူနာကိုပြုစုကုသပေးခြင်းမှတစ်ဆင့် ဗိုင်းရပ်ကူးစက်ခံရခြင်းဖြစ်သည် ကိုတွေ့ရှိရကြောင်း အနောက်ဘန်ဂေါ ပြည်နယ်အစိုးရအဖွဲ့က ထုတ်ပြန်ထားသည်။ လင်းနို့များမှတစ်ဆင့် လူသို့ကူးစက်လာသည့် နီပါးဗိုင်းရပ်သည် အဆုတ်နှင့်ဦးနှောက်ကို အဓိက ပစ်မှတ်ထားပြီး တိုက်ခိုက်ခြင်းဖြစ်ကြောင်း၊ ရောဂါလက္ခဏာများတွင် ဖျားခြင်း၊ ခေါင်းကိုက်ခြင်း၊ မူးဝေခြင်း၊ စိတ်ရှုပ် ထွေးခြင်းနှင့် ကိုမာဖြစ်ခြင်းတို့အထိ ပါဝင်ကြောင်း GT သတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။