“FDA မှ သုံးစွဲရန်မသင့်တဲ့ အလှကုန်ပစ္စည်း ၂ မျိုးကို ထုတ်ပြန်”

27 Jan

ဈေးကွက်အတွင်း သုံးစွဲရန်မသင့်သော အလှကုန်ပစ္စည်း ၂ မျိုးကို အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနကနေ ထုတ်ပြန်ကြေညာပါတယ်။ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက ပြည်တွင်းမှာရောင်းချနေတဲ့ အလှကုန်ပစ္စည်းများကို စစ်ဆေးခဲ့ရာ အလှကုန်ပစ္စည်း ၂ မျိုးဟာ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၌ မှတ်တမ်းတင်ထားခြင်း မရှိတဲ့အပြင် ကျန်းမာရေးအတွက် ဘေးအန္တရာယ်ဖြစ်စေနိုင်သော တားမြစ်ဓါတုပစ္စည်းများ ပါဝင်နေကြောင်း စစ်ဆေး တွေ့ရှိရတာကြောင့် အများပြည်သူလူထု သုံးစွဲရန်မသင့်တော်ကြောင်း အသိပေးထားပါတယ်။ အလှကုန်ပစ္စည်းတင်သွင်းဖြန့်ဖြူးရောင်းချတဲ့ ကုမ္ပဏီနှင့် လက်လီလက်ကားဆိုင်များက အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှာ မှတ်တမ်းတင်ထားခြင်းမရှိသော အများပြည်သူ သုံးစွဲရန်မသင့်ကြောင်း ကြေညာထား တဲ့ အလှကုန်ပစ္စည်းများ တင်သွင်းဖြန့်ဖြူးရောင်းချခြင်းများကို ကျင့်ဝတ်(Ethic)အရ လုံးဝမပြုလုပ်ရန်နှင့် လိုက်နာ ဆောင်ရွက်ခြင်းမရှိပါက သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းက ပြည်သူ့ကျန်းမာရေးဆိုင်ရာ ဥပဒေပုဒ်မ ၃၊ အပိုဒ် (၃)(ဃ) အရ အရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရပါတယ်။ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက ကျန်းမာရေးဝန်ကြီးဌာန၏လမ်းညွှန်မှုဖြင့် အရည်အသွေး စစ်မှန်ကောင်းမွန်၍ ကျန်းမာရေးအတွက် ဘေးအန္တရာယ်ကင်းရှင်းသော အလှကုန်ပစ္စည်းများကို အများပြည်သူတို့ သုံးစွဲနိုင်ရန် စနစ်တကျကွပ်ကဲလျက်ရှိပါတယ်။ (NVS 004)

27 Jan

ADVERTISE HERE .