“အင်းတော်ကြီးအိုင်နှင့်ဆက်စပ်ရေဝပ်ဒေသများမှာ ရှားပါးဆောင်းခိုရေပျော်ငှက်မျိုးစိတ်များနှင့် ဒေသရင်း ရေပျော်ငှက်မျိုးစိတ်များကို စာရင်းကောက်ယူနိုင်”
27 Jan
ကချင်ပြည်နယ်၊ မိုညှင်းခရိုင်၊ မိုးညှင်းမြို့နယ်ရှိ မြန်မာနိုင်ငံတွင် အကြီးဆုံးကုန်းတွင်းရေချိုအိုင်ကြီးတစ်ခု ဖြစ်တဲ့ အင်းတော်ကြီးအိုင်နှင့်ဆက်စပ်ရေဝပ်ဒေသများမှာ ယခုနှစ်ဇန်နဝါရီလအတွင်း အာရှရေပျော်ငှက်စာရင်း ကောက်ယူရာမှာ ရှားပါးဆောင်း ခိုရေပျော်ငှက်မျိုးစိတ်များနှင့် ဒေသရင်းရေပျော်ငှက်မျိုးစိတ်များ စုစုပေါင်း ၄၆ မျိုး၊ ၂၄,၁၇၇ ကောင်ကို စာရင်းကောက်ယူနိုင်ခဲ့ကြောင်း အင်းတော်ကြီး ဘေးမဲ့တောအုပ်ချုပ်ရေးမှူးရုံးထံမှ သိရပါတယ်။ ယခုနှစ် ဇန်နနဝါရီလအတွင်း အာရှရေပျော်ငှက်စာရင်းကောက်ယူချက်များအရ ရှားပါးဆောင်းခိုရေပျော် ငှက်မျိုးစိတ် ၂၉ မျိုး၊ ငှက်ကောင်ရေ ၁၇,၂၇၅ ကောင် နှင့် ဒေသရင်းရေပျော်ငှက်မျိုးစိတ် ၁၇ မျိုး၊ ငှက်ကောင်ရေ ၆,၉ဝ၂ ကောင် စုစုပေါင်း ငှက်ကောင်ရေ ၂၄,၁၇၇ ကောင်ကို အင်းတော်ကြီးအိုင်၏ အရှေ့ဘက်၊ အနောက်ဘက်နှင့် အင်းတော် ချောင်းတစ်လျှောက် ချောင်းဘေးဝဲ၊ ယာနှင့် ဆက်စပ်ရေဝပ်ဒေသများရှိ ကိုင်းတောများအတွင်းသို့ တာဝန်ရှိသူများက အဖွဲ့များခွဲ၍ စာရင်းကောက်ယူနိုင်ခဲ့ပါတယ်။ အဆိုပါ ငှက်မျိုးစိတ်များသည် ဇန်နဝါရီလအတွင်း တွေ့ရှိရတဲ့ အာရှရေပျော်ငှက်စာရင်းများ ကောက်ယူ ရာတွင် ရှားပါးဆောင်းခိုရေပျော်ငှက်မျိုးစိတ်နှင့် ဒေသရင်းရေပျော်ငှက်မျိုးစိတ်တို့သည် ယခင်နှစ်နှင့်နှိုင်းယှဉ်ပါက ရေပျော်ငှက်မျိုးစိတ်တစ်မျိုးနှင့် ငှက်ကောင်ရေ ၃,၉၇ဝ ကျော်ခန့် ပိုမိုတွေ့ရှိမှတ်တမ်းတင်နိုင်ခဲ့ပါတယ်။ အင်းတော်ကြီးတောရိုင်းတိရစ္ဆာန်ဘေးမဲ့တောမှာ အများဆုံးတွေ့ရှိရတဲ့ ရှားပါးဆောင်းခို ရေပျော်ငှက်မျိုးစိတ် များမှာ တောငန်း ၄,၈ဝ၅ ကောင်၊ ဘဲဖြူနက် ၃,ဝဝ၂ ကောင်၊ ရေကြက်မည်း၂,၁၅၉ ကောင်၊ ကြိုးကြာခေါင်းမည်း ၁,၇၆၈ ကောင်၊ စင်ရော် ခေါင်းညို ၁,၅၃၃ ကောင်၊ စင်ရော် ခေါင်းမည်း ၇၉၄ ကောင်၊ ပို့ချပ်ဘဲ ၅ဝ၅ ကောင်၊ ဘဲနီစပ် ၅၈ဝ ကောင်နှင့် ဘဲမည်း ၄၃ဝ ကောင် စသည်တို့ ပေါများစွာ လာရောက် ဆောင်းခိုကျက်စားကြလျက်ရှိပြီး ဒေသရင်း ရေပျော်ငှက်မျိုးစိတ် များဖြစ်သည့် စစ္စလီ ၂,၅၃၂ကောင်၊ တင်ကျီးကြီး ၁,၂ဝဝ ကောင်၊ မယ်ညို ၁,၅၀၉ ကောင်နှင့် တစီးမှုတ် ၄၆ဝ ကောင်တို့ ပေါများစွာ ကျက်စားလျက်ရှိပါတယ်။ အဆိုပါရေပျော်ငှက်မျိုးစိတ်များ စာရင်းကောက်ယူခြင်းကို အင်းတော်ကြီးအိုင်၏ အရှေ့ဘက်လမ်းကြောင်း မှာလည်းကောင်း၊ အနောက်ဘက်လမ်းကြောင်းတွင် လည်းကောင်း၊ အင်းတော်ချောင်းတစ်လျှောက် ချောင်းဘေး ဝဲ၊ ယာနှင့် ဆက်စပ်ရေဝပ်ဒေသများသို့ ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ယခုနှစ်မှာ ၂၀၂၅ ခုနှစ်က မတွေ့ရှိခဲ့ရသည့် စက္ကဝက်လေးကောင်၊ ငှက်နှုတ်သီးလန်သုံးကောင်နှင့် ဒီလုံးရင်ညိုခြောက်ကောင်စတဲ့ ငှက်မျိုးစိတ်သုံးမျိုးကို ပြန်လည်တွေ့ရှိ မှတ်တမ်းတင်နိုင်ခဲ့ကြောင်းသိရပါတယ်။ (NVS 004)