“ဆေးသုတေသနလုပ်ငန်းများဆောင်ရွက်ရန် ဘဏ္ဍာငွေကျပ် ၁ ဒသမ ၅ ဘီလီယံခွင့်ပြုပေးခဲ့”
27 Jan
၂၀၂၅-၂၀၂၆ ခုနှစ်ဘဏ္ဍာရေးနှစ်အတွင်း ဆေးသုတေသနလုပ်ငန်းများဆောင်ရွက်ရန်ဘဏ္ဍာငွေကျပ် ၁ ဒသမ ၅ ဘီလီယံကို နိုင်ငံတော်ကနေခွင့်ပြုပေးခဲ့တယ်လို့ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်း သာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ဇန်နဝါရီလ ၂၆ ရက်မှာကျင်းပတဲ့ (၅၄)ကြိမ်မြောက် မြန်မာနိုင်ငံကျန်းမာရေးဆိုင်ရာသုတေသနညီလာခံဖွင့်ပွဲမှာ ပြောကြားခဲ့ခြင်းဖြစ်ပါတယ်။ ၂၀၂၅-၂၀၂၆ ခုနှစ်၊ ဘဏ္ဍာရေးနှစ်အတွင်းမှာ နိုင်ငံတော်က ဆေးသုတေသနဦးစီးဌာနအပြင် အခြားဦးစီးဌာန များ ဆေးနဲ့ဆေးနှီးနွှယ်တက္ကသိုလ်များမှာ သုတေသနလုပ်ငန်းတွေဆောင်ရွက်ဖို့အတွက် ဘဏ္ဍာငွေကျပ် ၁ ဒသမ ၅ ဘီလီယံခွင့်ပြုပေးခဲ့ပါတယ်လို့ နိုင်ငံတော်ယာယီသမ္မတက ပြောကြားခဲ့ပါတယ်။ ကျန်းမာရေးဝန်ကြီးဌာန၏ ဦးဆောင်ပံ့ပိုးမှုနှင့်ဆေးသုတေသနဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ကုသရေးဦးစီးဌာနတို့ပူးပေါင်း၍ မြန်မာနိုင်ငံအတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းများမှ ဆယ်ကျော်သက် ကျောင်းသား၊ ကျောင်းသူများမှာ ကျန်းမာရေးနှင့်ပတ်သက်သော အကြောင်းအရာများကို လေ့လာခြင်း သုတေသနကို တစ်နိုင်ငံလုံးအတိုင်းအတာနှင့် ဆောင်ရွက်ခဲ့ပြီးဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ ဆယ်ကျော်သက်အရွယ် ကျောင်းသား၊ ကျောင်းသူတွေဟာ အနာဂတ်နိုင်ငံတော်ရဲ့ မျိုးဆက်သစ်တွေ ဖြစ်တဲ့အတွက် အခုဆောင်ရွက်ခဲ့တဲ့ သုတေသနရလဒ်တွေအပေါ်အခြေခံပြီး ပိုမိုကောင်းမွန်တဲ့ ကျောင်းကျန်းမာရေး စောင့်ရှောက်မှုပြုလုပ်ပေးဖို့ တိုက်တွန်းပြောကြားလိုကြောင်း နိုင်ငံတော်ယာယီသမ္မတက ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် ဒေသတွင်းဖြစ်ပွားတတ်သော ကူးစက်တတ်တဲ့ကပ်ရောဂါများ၊ ရာသီအလိုက်ဖြစ်ပွားတတ်တဲ့ ရောဂါများ ကာကွယ်ထိန်းချုပ်ရေးနှင့်ကင်ဆာရောဂါကို စောစီးစွာသိရှိစေနိုင်ပြီး ကုသမှုများအောင်မြင်အောင် အထောက်အကူပြုနိုင်သော သုတေသနများကိုလည်းဆောင်ရွက်ရမည်ဖြစ်ကာ ယင်းဒီသုတေသနများကို နိုင်ငံတကာ နှင့် ပူးပေါင်းပြီး ခေတ်မီဓာတ်ခွဲနည်းပညာများ၊ သုတေသနနည်းစနစ်များကျင့်သုံးဆောင်ရွက်လျက်ရှိရာ ယခုထက် ပိုပြီး ထိထိရောက်ရောက်ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်စေလိုတယ်လို့ ပြောကြားခဲ့ပါတယ်။ ဆက်လက်ပြီး မိမိတို့ပြည်သူများ အခြေခံကျန်းမာရေးကောင်းမွန်ပြီး သက်ရှည်ကျန်းမာစွာနေထိုင်နိုင်ရန် အာဟာရဆိုင်ရာသုတေသနများ၊ အစားအသောက်ဘေးကင်းလုံခြုံမှုဆိုင်ရာသုတေသနများ၊ ကျန်းမာရေးနှင့် ညီညွတ်စွာ နေထိုင်ပြုမူရေးပတ်သက်သော လက်တွေ့အသုံးချကျန်းမာရေးသုတေသနများကိုတိုးမြှင့်ဆောင်ရွက်ပြီး သုတေသနတွေ့ရှိချက်များကို ပြည်သူလူထုအတွင်း ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရန် ကျန်းမာရေးဆိုင်ရာ ကြိုတင် ကာကွယ်မှုပညာပေးလုပ်ငန်းများကိုပါဆောင်ရွက်ပေးရမယ်လို့ ပြောကြားခဲ့ပါတယ်။ ထို့အတူ ဆေးကုသရေးဆိုင်ရာသုတေသနလုပ်ငန်းများ၊ ဆေးရုံအုပ်ချုပ်စီမံခန့်ခွဲမှုဆိုင်ရာ သုတေသနလုပ်ငန်း များကို တိုးမြှင့်ဆောင်ရွက်ရမည်ဖြစ်ပြီး ကျန်းမာရေးဆိုင်ရာသုတေသနလုပ်ငန်းများဆောင်ရွက်ရာတွင် ကျန်းမာရေး ဝန်ကြီးဌာနရှိ ဆေးနှင့်ဆေးနှီးနွှယ်တက္ကသိုလ်များ၊ ဆေးရုံများ၊ ရောဂါတိုက်ဖျက်ရေးစီမံချက်များ၊ အခြေခံကျန်းမာရေး ဝန်ထမ်းများ၊ ပြည်သူလူထုအခြေပြုအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်ရမှာြဖစ်ကြောင်း နိုင်ငံတော်ယာယီသမ္မတက ပြောကြားခဲ့ပါတယ်။ (NVS 004)