“အာဆင်နယ်အသင်းရဲ့ အိမ်ကွင်းရှုံးပွဲမရှိ စံချိန်ကို ချိုးဖြတ်နိုင်ခဲ့တဲ့ မန်ယူအသင်း”

26 Jan

ဇန်နဝါရီလ ၂၅ ရက် တနင်္ဂနွေညရဲ့ နောက်ဆုံးပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားခဲ့တဲ့ အာဆင်နယ်အသင်းနှင့် မန်ယူအသင်း တို့ပွဲစဉ်မှာ မန်ယူအသင်းက ၃ ဂိုး ၂ ဂိုး နဲ့အနိုင်ရရှိခဲ့ပါတယ်။ အဆိုပါပွဲစဉ်မှာ အာဆင်နယ်အသင်းက အကောင်းဆုံးပုံစံနဲ့ အိမ်ရှင်ပီပီ ဖိအားပေးကစားနိုင်ခဲ့သလို ပထမပိုင်းမှာ မန်ယူအသင်းနောက်ခံကစားသမား မာတီနက် ရဲ့ အမှားကနေ ဦးဆောင်ဂိုးရရှိခဲ့ပေမယ့် မန်ယူအသင်း တိုက်စစ်မှူး အမ်ဘူမို က ချေပဂိုးပြန်လည်သွင်းယူပေးခဲ့တာကြောင့် တစ်ဖက်တစ်ဂိုးစီနဲ့ ပထမပိုင်းကို သရေရလဒ်နဲ့ ပြီးဆုံးခဲ့ပါတယ်။ ဒုတိယပိုင်းမှာ အာဆင်နယ်အသင်းက ဆက်လက်ဖိအားပေး ကစားထားနိုင်ခဲ့ပေမယ့် မန်ယူအသင်း တိုက်စစ်မှူး ဒိုဂူ က ဦးဆောင်ဂိုး ပြန်လည်သွင်းယူနိုင်ခဲ့ပြီး ပွဲချိန် ၈၀ ကျော်အထိ ဦးဆောင်ထားနိုင်ခဲ့ပါတယ်။ ပွဲချိန် ၈၄ မိနစ်မှာ အာဆင်နယ်အသင်းက ‌ဒေါင့်ကန်ဘောမှတစ်ဆင့် မိုရီနို က ချေပဂိုးသွင်းယူခဲ့ပါတယ်။ ဒါပေမယ့် ပွဲချိန် ၈၇ မိနစ်မှာတော့ မန်ယူအသင်းအတွက် အနိုင်ရရှိစေမယ့် သွင်းဂိုးကို တိုက်စစ်မှူး ကွန်ညာ က လှပသေသပ်‌စွာ သွင်းယူ ပေးနိုင်ခဲ့ပါတယ်။ ဒါကြောင့် ပွဲပြီးဆုံးချိန်မှာ မန်ယူအသင်းက အိမ်ရှင်အာဆင်နယ်ကို ၃ ဂိုး ၂ ဂိုးဆိုတဲ့ ရလဒ်နဲ့ အနိုင်ရရှိခဲ့ ပါတယ်။ အခုရှုံးပွဲကြောင့် အာဆင်နယ်အသင်းဟာ အိမ်ကွင်းရှုံးပွဲမရှိစံချိန် ကျိုးပြတ်ခဲ့ရသလို လက်ရှိရာသီမှာ ပထမဆုံးသွင်းဂိုး ၃ ဂိုးအထိ ခွင့်ပြုခဲ့ရတာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ပရီးမီးယားလိဂ်အမှတ်ပေးဇယားမှာ ရမှတ် ကွာဟမှု ပြန်လည်နီးကပ်သွားတာကြောင့် အာဆင်နယ်အသင်းအနေနဲ့ ဖိအားတွေနဲ့ ဆက်လက်ရင်ဆိုင်ရတော့မှာ ဖြစ်ပါတယ်။ အခုနိုင်ပွဲကြောင့် မန်ယူအသင်းက ပရီးမီးယားလိဂ် ၂ ပွဲဆက် အနိုင်ရရှိမှုနှင့်အတူ အဆင့် (၄) နေရာသို့ တက်ရောက်နိုင်ခဲ့ပါတယ်။ (NVS 008)

26 Jan

ADVERTISE HERE .