“ပုဇွန်မွေးမြူရေးမှာ သားပေါက်ရှင်သန်မှုကောင်းမွန်စေရန် ပူးပေါင်းဆောင်ရွက်ရန်တိုက်တွန်း”

26 Jan

ရေငန်ပုစွန်(ကျားပုစွန်)နှင့် ရေချိုပုစွန်တုပ်ကြီး သားပေါက်ခြင်းလုပ်ငန်း၌ ရောဂါကျရောက်မှုများကြောင့် ဆုံးရှုံးနစ်နာမှုများ၊ ပြည်တွင်း၌ သားပေါက်ထုတ်လုပ်နိုင်မှုနည်းပါးလျက်ရှိသဖြင့် သားပေါက်ရှင်သန်မှု ကောင်းမွန် စေရန် အစိုးရနှင့် ပုဂ္ဂလိက ပိုမိုပူးပေါင်းဆောင်ရွက်ရန်လိုအပ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်က အမှာစကားပြောကြားရာမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်က မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာအထူးရန်ပုံငွေ(၂၀၂၅)နဲ့ အကောင်အထည်ဖော်ဆောင်ရွက်မည့် “ရေချိုပုစွန်သားဖောက် မွေးမြူရာတွင် ဇီဝလုံခြုံရေးအစီအမံများကို အကောင်အထည်ဖော်ခြင်းနဲ့ ရေချိုပုစွန်ထုတ်လုပ်မှုတိုးမြှင့်ခြင်း” စီမံကိန်း စတင်ခြင်းနှင့် ပုစွန်မွေးမြူသည့်အဖွဲ့အစည်းများ၊ ဆက်စပ်လုပ်ငန်းဌာနများပူးပေါင်းဆောင်ရွက်တဲ့ အလုပ်ရုံဆွေးနွေး ပွဲကို တက်‌‌ရောက်စဉ် ပြောကြားခဲ့ခြင်း ဖြစ်ပါတယ်။ ပုစွန်မွေးမြူရေးလုပ်ငန်းများမှာ ဇီဝလုံခြုံရေးစနစ် အားနည်းခြင်းကြောင့် ရောဂါကျရောက်ခြင်း၊ မျိုးများ သွေးနီးမျိုးစပ်ခြင်းများဖြစ်ပေါ်ပြီး သားပေါက်အထွက်နှုန်း ကျဆင်းခြင်းများတွေ့ရှိရကြောင်း၊ ရေငန်ပုစွန်များ၌ White Spot Disease ၊ ရေချိုပုစွန်၌ White Tail Disease တို့သည် ပုစွန်မွေးမြူရေးလုပ်ငန်း ရေရှည်ဖွံ့ဖြိုးရေးအတွက် အဟန့်အတားတစ်ရပ်ဖြစ်လျက်ရှိသည်ကို တွေ့ရှိရမည်ဖြစ်ကြောင်းလည်း ဆက်လက်ပြောကြားခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ ပုစွန်မွေးမြူဧရိယာဧကစုစုပေါင်း တစ်သိန်းတစ်သောင်းသုံးထောင်ကျော်ရှိပြီး ရန်ကုန် တိုင်းဒေကြီးမှာ ရေချိုပုစွန်သားဖောက်ရုံများရှိသကဲ့သို့ အသားတိုးသီးသန့်မွေးမြူနည်းစနစ် (Mono culture)၊ ငါးပုစွန် ရောနှောမွေးမြူနည်းစနစ် (Poly Culture) ဖြင့် မွေးမြူလျက်ရှိကြောင်း သိရပါတယ်။ ပုစွန်မွေးမြူရေးလုပ်ငန်း တိုးတက်ရန်အတွက် ကဏ္ဍအလိုက်ချိတ်ဆက်ပြီး သုတေသနများပူးပေါင်း ဆောင်ရွက်ခြင်း၊ ရရှိလာမည့် သုတေသနရလဒ်၊ နည်းပညာများကို ဖြန့်ဖြူးပေးခြင်း၊ တစ်ပိုင်တစ်နိုင် မွေးမြူသူများနှင့် စီးပွားဖြစ် မွေးမြူထုတ်လုပ်သူများက ပုစွန်ရောဂါကျရောက်ပျံ့နှံ့မှုမရှိရေးအတွက် ဇီဝလုံခြုံရေးကောင်းစွာ လိုက်နာ ကျင့်သုံး မွေးမြူခြင်းတို့ကို ဆောင်ရွက်ပေးကြပြီး ပုစွန်မွေးမြူရေးလုပ်ငန်းများ ရေရှည်ဖွံ့ဖြိုးတိုးတက်လာရေး ဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်သွားကြမည်ဖြစ်ကြောင်း သိရပါတယ်။ (NVS 004)

26 Jan

ADVERTISE HERE .