“အစိုးရသစ်တစ်ရပ် မဖွဲ့စည်းမီအချိန်အတွင်း မန္တလေးမြို့သာယာလှပရေး၊ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို အရှိန်အဟုန် မပြတ်ဆက်လက်ဆောင်ရွက်ရမည်”
26 Jan
အစိုးရသစ်တစ်ရပ် မဖွဲ့စည်းမီအချိန်အတွင်း မန္တလေးမြို့သာယာလှပရေး၊ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆက်လက်ဆောင်ရွက်ရမည်ဟု နိုင်ငံတော်ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်း သာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ဇန်နဝါရီလ ၂၅ ရက်မွန်းလွဲပိုင်းက မန္တလေး တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ မြို့တော်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ မန္တလေးမြို့၊ မြို့အင်္ဂါရပ်နှင့်အညီ ဖွံ့ဖြိုးတိုးတက်ရေးနှင့် သန့်ရှင်းသာယာလှပရေးတို့အတွက် လိုအပ်သည်များကို လမ်းညွှန်မှာကြား စဥ်ထည့်သွင်းပြောကြားခဲ့တာ ဖြစ်ပါတယ်။ မန္တလေးမြို့တွင်းရှိ လမ်းမကြီးများ၊ လမ်းသွယ်များနှင့် မြို့တွင်းသန့်ရှင်းသာယာလှပမှုကောင်းမွန်တာကို တွေ့ရှိရပြီး စည်ပင်သာယာရေးဆိုင်ရာတာဝန်ရှိသူများ၏ လုပ်ငန်းတာဝန်ကျေပွန်မှု၊ မြို့သူ/မြို့သားများ၏ စည်းကမ်း စနစ်တကျရှိမှုကြောင့်ဖြစ်တာကို ဝမ်းမြောက်ဝမ်းသာအသိအမှတ်ပြုကြောင်း၊ ရွေးကောက်ပွဲပြီးလို့ လာမယ့်မတ်လ ကုန်မှာ အစိုးရသစ်တစ်ရပ်တက်လာမှာဖြစ်ပြီး အစိုးရသစ်တစ်ရပ် မဖွဲ့စည်းမီကြားကာလအတွင်းမှာ မန္တလေးမြို့ရဲ့ မြို့သာယာ လှပရေး၊ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေကို အရှိန်အဟုန်မပြတ်ဆက်လက်ဆောင်ရွက်ဖြစ်ကြောင်း ငလျင်ဘေးအလွန် ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို ဆက်လက်ဆောင်ရွက်ရမည်ဖြစ်ကြောင်း နိုင်ငံတော် ယာယီသမ္မတက မှာကြားခဲ့ပါတယ်။ ဒါ့အပြင် ကြားကာလ ၂ လတာအတွင်း ဆောင်ရွက်ပြီးစီးနိုင်မည့် မြို့သာယာလှပရေးလုပ်ငန်းများကို ဦးစား ပေးဆောင်ရွက်ရမည်ဖြစ်ကာ အဓိကလမ်းမကြီးများ၌ လမ်းလယ်မျဉ်းများဆွဲခြင်း၊ လမ်းညွှန်အမှတ်အသားများ အသစ်ပြန်လည်ပြုလုပ်ခြင်းတို့အပါအဝင် အချိန်တိုအတွင်းပြီးစီးနိုင်မည့် လုပ်ငန်းများကို ဖော်ဆောင်ရမည်ဖြစ်ပြီး လမ်းလယ်ကျွန်းများ၊ ပလက်ဖောင်းများ၌ သဲ၊ မြေကြီးနှင့် အမှိုက်များဖုံးနေခြင်းများကို ရှင်းလင်းရဖြစ်ကြောင်း ပလက်ဖောင်းများပြုပြင်မွမ်းမံထိန်းသိမ်းခြင်း၊ ရေဝင်/ထွက်ပေါက်များပိတ်ဆို့မှုမရှိစေရေးနှင့် စနစ်တကျဖြစ်စေရေး ထိန်းသိမ်းဆောင်ရွက်ခြင်း၊ မန္တလေးမြို့အတွင်း လေထုညစ်ညမ်းမှုကိုစစ်ဆေးခြင်း၊ ပြန်လည်ထိန်းသိမ်းခြင်းလုပ်ငန်း များ ဆောင်ရွက်ကြရမယ်လို့ နိုင်ငံတော် ယာယီသမ္မတက မှာကြားခဲ့ပါတယ်။ (NVS 004)