“ဖေဖော်ဝါရီလအတွင်း ရုံးပိတ်ရက်ရှည်အတွက် ပုဂံခရီးသွားလုပ်ငန်းများနှင့် ဒေသခံများ ကြိုတင်ပြင်ဆင်ထား”
26 Jan
မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များ စုဝေးတည်ရှိရာ ပုဂံဒေသသို့ ရုံးပိတ်ရက်ရှည်ကာလ၌ ခရီးသွားမပြတ် ဝင်ရောက်လေ့ရှိရာ လာမယ့်ဖေဖော်ဝါရီလ ၁၂ ရက်(ပြည်ထောင်စုနေ့)မှစ၍ ဖေဖော်ဝါရီလ ၁၇ ရက် (တရုတ်နှစ်သစ် ကူးနေ့)အထိ ရက်ရှည်ပိတ်ရက် ခြောက်ရက်တာကာလအတွင်း ပုဂံယဉ်ကျေးမှုဒေသသို့ ခရီးသွားစည်ကားစွာ ဝင်ရောက်မယ်လို့ ခရီးသွားလုပ်ငန်းများနှင့် ဒေသခံတို့က ခန့်မှန်းထားခဲ့ပြီး ခရီးသွားများအဆင်ပြေချောမွေ့စေရန် ကြိုတင်ပြင်ဆင်ထားကြောင်း သိရပါတယ်။ ပြည်တွင်း၊ပြည်ပခရီးသွားများ ပုဂံဒေသသို့ ရောက်ရှိချိန်မှာ ပြည်တွင်းခရီးသွားများအနေနဲ့ အထင်ကရဘုရား၊ စေတီ ၁၈ ဆူနှင့် ပုဂံအမှတ်တရနေရာများသို့ လည်ပတ်ကြလေ့ရှိပြီး ပြည်ပခရီးသွားများအနေဖြင့် ရှေးဟောင်း စေတီပုထိုးများ၊ ဧရာဝတီမြစ်ကမ်းပါး၊ အပန်းဖြေနေရာများ၊ ညနေဆည်းဆာနေရာများနှင့် ရိုးရာလက်မှုလုပ်ငန်း များကို ကြည့်ရှုလေ့လာလေ့ရှိပါတယ်။ အခုနှစ်စမှစတင်ပြီး ပုဂံဒေသသို့ ခရီးသွားဝင်ရောက်မှုက တစ်ပတ်ကို ဘုရားဖူး ၅၀,၀၀၀ ကျော်ဝင်ရောက်ခဲ့ပါတယ်။ ရုံးပိတ်ရက်ရှည်ကာလမှာ တစ်ရက်ကို ခရီးသွား ၁၀,၀၀၀ နီးပါး ဝင်ရောက်ခဲ့တာ တွေ့ရပါတယ်။ နှစ်သစ်ကူးပိတ်ရက်ကာလတွင် ပုဂံရှေးဟောင်းယဉ်ကျေးမှုဒေသသို့ အမေရိကန်၊ တရုတ်၊ ရုရှား၊ အိန္ဒိယ၊ ပြင်သစ်၊ ပိုလန်၊ စပိန်၊ ကနေဒါ၊ ကိုရီးယားနှင့် ထိုင်းနိုင်ငံတို့မှ ခရီးသွားများဝင်ရောက်ခဲ့ပြီး ဖေဖော်ဝါရီလ ၁၄ ရက်မှ ၁၇ ရက်အထိ တစ်ဆက်တည်းပိတ်ရက်ဖြစ်တာကြောင့် ပြည်တွင်းခရီးသွားများအပြင် နိုင်ငံခြားခရီးသွားများလည်း နှစ်ဆန်းပိုင်း နှစ်သစ်ကူးပိတ်ရက်ထက် ပိုမိုစည်ကားစွာ ခရီးသွားဝင်ရောက်လာမည်ဟု ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း များက ခန့်မှန်းထားပါတယ်။ (NVS 004)