(၇၉)ကြိမ်မြောက် မွန်အမျိုးသားနေ့အခမ်းအနားကို ဒဂုံမြို့နယ်ရှိ အမျိုးသားဇာတ်ရုံတွင် ကျင်းပမည်
24 Jan
(၇၉)ကြိမ်မြောက် မွန်အမျိုးသားနေ့အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ်ရှိ အမျိုးသားဇာတ်ရုံတွင် ဖေဖော်ဝါရီလ ၂ ရက်တွင် ကျင်းပမည်ဖြစ်ကြောင်း မွန်တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့(ရန်ကုန်တိုင်းဒေသကြီး)မှ သိရပါတယ်။ အဆိုပါအခမ်းအနားကို မွန်လူမျိုးတို့၏ ရိုးရာယဉ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်းစောင့်ရှောက်ရန်၊ ဖွံ့ဖြိုး တိုးတက်စေရန်၊ မွန်အမျိုးသားတို့၏ ဇာတိသွေး၊ ဇာတိမာန် ရှင်သန်နိုးကြားရန်၊ မွန်စာပေ၊ ယဉ်ကျေးမှုကို ဖော်ထုတ် မြှင့်တင်လိုစိတ်၊ တိုးတက်လိုစိတ်ရှိစေရန် ရည်ရွယ်၍ကျင်းပခြင်းဖြစ်ပါတယ်။ ဖေဖော်ဝါရီလ ၂ ရက် နံနက်ပိုင်း ၈ နာရီတွင် အလံတင်အခမ်းအနားကို ကျင်းပမှာဖြစ်ပြီး နံနက် ၁၀ နာရီတွင် မွန်စာပေနှင့် ယဉ်ကျေးမှုအသင်းကကျင်းပသော မွန်စာပေနှင့် မွန်ရိုးရာ အဆို၊ အက၊ အတီးပြိုင်ပွဲများတွင် ဆုရရှိသူများအား ဆုများချီးမြှင့်သွားမှာ ဖြစ်ပါတယ်။ မွန်အမျိုးသားနေ့အခမ်းအနားကို မွန်လူမျိုးများ အများအပြားနေထိုင်ရာ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ပြည်ပနိုင်ငံများရောက် မွန်လူမျိုးများကလည်း ကျင်းပလေ့ရှိကြောင်း သိရပါတယ်။(NVS 004)