မင်းလှမြို့နယ် ရေနံဓာတုဗေဒစက်ရုံစု(သံပရာကန်) မီးလောင်မှုအား အချိန်မီငြှိမ်းသတ်နိုင်ခဲ့ပြီး ကုန်ထုတ်လုပ်မှုများ ပုံမှန်လည်ပတ်

24 Jan

မကွေးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်ရှိရေနံဓာတုဗေဒစက်ရုံစု(သံပရာကန်)၌ ဇန်နဝါရီလ ၂၃ ရက် နံနက် ၆ နာရီ ၅ မိနစ်ခန့်တွင် စတင်မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ စက်ရုံရှိ မီးသတ်ဝန်ထမ်းများနှင့် စက်ရုံဝန်ထမ်းများ၊ တပ်နယ်၊ ခရိုင်၊ မြို့နယ်များရှိ မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ပူးပေါင်းပြီး ဝိုင်းဝန်းငြှိမ်းသတ်နိုင်ခဲ့မှုကြောင့် နံနက် ၇ နာရီအချိန်တွင် မီးငြှိမ်း သတ်နိုင်ပြီး လက်ရှိအချိန်တွင် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ပုံမှန်ပြန်လည် လည်ပတ်လျက်ရှိကြောင်း သိရပါတယ်။ အဆိုပါ မီးလောင်ကျွမ်းမှုဖြစ်စဉ် ဖြစ်ပေါ်ခဲ့ခြင်းအား စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့်တာဝန်ရှိသူများက မင်းလှမြို့နယ်ရှိ မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း၏ ရေနံဓာတုဗေဒစက်ရုံစု(သံပရာကန်)သို့ ဇန်နဝါရီလ ၂၃ ရက် မွန်းလွဲပိုင်းတွင် သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါတယ်။ မီးလောင်ကျွမ်းမှုဖြစ်စဉ် ဖြစ်ပွားခဲ့သည့် ရေနံစိမ်းလက်ခံသိုလှောင်ကန် အခြေအနေများအား စက်ရုံမှူးမှ တင်ပြခဲ့ရာ သိုလှောင်ကန်နံရံများသာ မီလောင်ကျွမ်းခဲ့ပြီး သံကန်အတွင်း သိုလှောင်ထားသည့် ရေနံစိမ်းများ ပျက်စီး ဆုံးရှုံးမှုမရှိကြောင်း၊ လက်ရှိမီးလောင်မှုဖြစ်ပွားခဲ့သည့် သိုလှောင်ကန်နှစ်ကန်အား အသုံးမပြုဘဲ အခြားရေနံစိမ်း သိုလှောင်ကန်များအား အသုံးပြုပြီး ထုတ်လုပ်ခြင်းလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ စက်ရုံနှင့် ရေနံ သိုလှောင်ကန်များ ပျက်စီးဆုံးရှုံးမှုမရှိဘဲ ရေနံစိမ်းသိုလှောင်ခြင်းနှင့် ထုတ်လုပ်ခြင်းလုပ်ငန်းများအား ပုံမှန်အတိုင်း လည်ပတ်ဆောင်ရွက်လျက်ရှိကြောင်း၊ ပြင်ပရှိဆက်သွယ်ထားသည့်ပိုက်လိုင်း အနည်းငယ်သာ ပျက်စီးသွားပြီး ပိုက်လိုင်း အတွင်းရှိ ပိုက်လိုင်းကျန်ရေနံစိမ်း ခန့်မှန်းဂါလန် ၃၅၀ ခန့်သာ ဆုံးရှုံးခဲ့ကြောင်းနှင့် ပြင်ပရှိပိုက်လိုင်းများ ပျက်စီးမှုများ ကိုလည်း အမြန်ဆုံးပြုပြင်ဆောင်ရွက်နိုင်ရေး စီမံဆောင်ရွက်လျက်ရှိကြောင်း ရှင်းလင်းတင်ပြခဲ့ပါတယ်။ ရှင်းလင်းတင်ပြခဲ့မှုများအပေါ် ဒုတိယဝန်ကြီးက မီးလောင်မှုဖြစ်ပွားရာတွင် အချိန်နှင့်တစ်ပြေးညီ ဝိုင်းဝန်း ဆောင်ရွက်ခဲ့ကြသည့် တပ်နယ်၊ ခရိုင်၊ မြို့နယ်များရှိ မီးသတ်တပ်ဖွဲ့ဝင်များနှင့် စက်ရုံရှိဝန်ထမ်းများအား ကျေးဇူးတင် ဂုဏ်ပြုပါကြောင်း၊ ပျက်စီးဆုံးရှုံးသွားသည့် ပိုက်လိုင်းများအား ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ကြရာတွင် ကုန်ထုတ်လုပ်မှုအား ထိခိုက်မှုမရှိအောင် စီမံဆောင်ရွက်ကြရန်လိုကြောင်း၊ ရေနံချက်စက်ရုံများသည် မီးလောင်ကျွမ်း နိုင်သည့် လောင်စာဆီများကို ကိုင်တွယ်အသုံးပြုရသည့် လုပ်ငန်းဖြစ်သည့်အတွက် အရေးပေါ်မီးဘေးအန္တရာယ် ဖြစ်ပေါ်လာပါက လူ၊ စက်၊ ပစ္စည်း အဆင်သင့်ရှိနေရန်လိုကြောင်း၊ ဝန်ကြီးဌာနအနေဖြင့်လည်း လက်ရှိစက်ရုံ၏ မီးသတ် ဝန်ထမ်းအင်အား၊ မီးသတ်ယာဉ်နှင့် အခြားဆက်စပ်ပစ္စည်းများကိုလည်း ပိုမိုလုံလောက်မှုရှိစေရန် အမြန်ဆုံးထပ်မံ ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မှာကြားပြီး စက်ရုံအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေး၍ လိုအပ်သည် များအား တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရပါတယ်။(NVS 004)

24 Jan

ADVERTISE HERE .