ရုရှား၊ အမေရိကန်၊ ယူကရိန်း ပထမဆုံး သုံးပွင့်ဆိုင်ဆွေးနွေးမည်၊ လုံခြုံရေးကိစ္စရပ်များကိုသာ ဦးစားပေး ဆွေးနွေးမည်ဟုဆို
24 Jan
ရုရှား၊ အမေရိကန်နှင့် ယူကရိန်းနိုင်ငံတို့မှ တာဝန်ရှိသူများသည် ယခုသီတင်းပတ်အတွင်း ပထမဆုံး အကြိမ်အဖြစ် သုံးပွင့်ဆိုင်ဆွေးနွေးမှုလုပ်မည်ဖြစ်ကြောင်း၊ ထိုဆွေးနွေးမှုတွင် လုံခြုံရေးကိစ္စရပ်များကိုသာ ဦးစားပေးဆွေးနွေးမည်ဖြစ်ကြောင်း ရုရှားသမ္မတရုံးမှ ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပက်စကော့ က ဇန်နဝါရီလ ၂၃ ရက်တွင်ပြောသည်။ အမေရိကန်တာဝန်ရှိသူများက ယခုသီတင်းပတ်အတွင်း ရုရှားနှင့် ယူကရိန်းနိုင်ငံတို့မှ တာဝန်ရှိသူများနှင့် သီးခြားစီ တွေ့ဆုံပြီးနောက် ပုံစံအသစ်ဖြင့် သုံးနိုင်ငံဆွေးနွေးမှုလုပ်ရန် သဘောတူညီမှုရရှိခဲ့ခြင်းဖြစ်သည်။ ယခုလုပ်ဆောင်မည့် သုံးပွင့်ဆိုင်ဆွေးနွေးပွဲသို့ ရုရှားဘက်က စစ်ဘက်ဆိုင်ရာတာဝန်ရှိသူများကိုသာ စေလွှတ်ထားပြီး ၎င်းတို့သည် ယမန်နေ့ညတွင် နိုင်ငံတော်အကြီးအကဲထံမှ ညွှန်ကြားချက်ရပြီးနောက် ယနေ့နံနက်တွင် ဆွေးနွေးပွဲလုပ်မည့် အာရပ်စော်ဘွားများပြည်ထောင်စုရှိ အဘူဒါဘီမြို့သို့ ထွက်ခွာသွားပြီ ဖြစ်ကြောင်း ဒီမီထရီပက်စကော့ က ဆက်ပြောသည်။ တစ်ချိန်တည်းမှာပင် ရုရှားနှင့်အမေရိကန်တို့မှ အရပ်ဘက်တာဝန်ရှိသူများကြား ဆွေးနွေးမှုများကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ ရုရှား၏ ဦးဆောင်ညှိနှိုင်းရေးမှူး ကီရေးဒီမီထရီ သည် အဘူဒါဘီမြို့ သို့ပင် ရောက်နေပြီဖြစ်ကြောင်းနှင့် ထာဝရငြိမ်းချမ်းရေးရရှိရန် လိုအပ်ချက်မှာ ဒွန်းဘတ်ဒေသမှ ယူကရိန်းစစ်သည် များ ဆုတ်ခွာပေးခြင်းဖြစ်ကြောင်း ပက်စကော့ က ပြောထားသည်ဟုသိရသည်။