“အပြည်ပြည်ဆိုင်ရာတရားရုံးရှိ ဂုဏ်သရေရှိတရားသူကြီးများ အခြေအနေမှန်နှင့် အဖြစ်မှန်များကို ဘက်လိုက်မှု ကင်းစွာနဲ့ ဝေဖန်သုံးသပ်နိုင်မည်ဟု ယုံကြည်”

13 Jan

အပြည်ပြည်ဆိုင်ရာတရားရုံးရှိ ဂုဏ်သရေရှိတရားသူကြီးများအနေနဲ့ မည်သည့်အစွဲအလမ်းမျှမပါဘဲ အခြေအနေမှန်နှင့် အဖြစ်မှန်များကို ဘက်လိုက်မှုကင်းစွာဖြင့် ဝေဖန်ဆန်းစစ် သုံးသပ်နိုင်လိမ့်မည်ဟု မျှော်လင့်ယုံကြည်ပါကြောင်း မြန်မာ့ပုံရိပ်ဖော်ညွှန်းရေးအဖွဲ့ (Myanmar Narrative Think Tank)ကနေ ဇန်နဝါရီလ ၁၂ ရက် ထုတ်ပြန်ခဲ့ပါတယ်။ ယခုဂမ်ဘီယာနိုင်ငံက စွဲဆိုထားသောအမှုကို နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန(၂) ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် နှင့် ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာ သီတာဦး တို့ ဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့က နယ်သာလန်နိုင်ငံ၊ သည်ဟိတ်ဂ်မြို့သို့ သွားရောက်ကာ တရားမျှတမှုနှင့် အမှန်တရားကို လက်ကိုင်ထား၍ မြန်မာနိုင်ငံအတွက် အစွမ်းကုန်လျှောက်လဲချက်များ ပေးသွားမှာ ‌ဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာ ရွေးကောက်ပွဲအပြီး သမိုင်းစာမျက်နှာအသစ်သို့ ကူးပြောင်းကာ နိုင်ငံတော်သစ် တည်ဆောက် ရေးလုပ်ငန်းစဉ်များကို စတင်ဖော်ဆောင်တော့မည့် အချိန်အခါဖြစ်ကြောင်း၊ နိုင်ငံသစ်တစ်ရပ်ကို အောင်မြင်စွာ တည်ဆောက်နိုင်ရန်အတွက် နိုင်ငံတကာအသိုက်အဝန်း၏ အပြုသဘောဆောင်သော အားပေးကူညီမှုများနှင့် ပူးပေါင်းဆောင်ရွက်မှုများက အထူးလိုအပ်လျက်ရှိပါကြောင်း၊ လက်ရှိအပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)၌ ရင်ဆိုင် နေရသောအမှုကိစ္စက မြန်မာနိုင်ငံကို ကိုယ်စားပြုတဲ့အပြင် မြန်မာပြည်သူအားလုံး၏ အကျိုးစီးပွားနှင့် တိုက်ရိုက် သက်ဆိုင်တဲ့ ကိစ္စရပ်တစ်ခုလည်း ဖြစ်ပါကြောင်း မြန်မာ့ပုံရိပ်ဖော်ညွှန်းရေးအဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။ မြန်မာနိုင်ငံက မိမိ၏အိမ်နီးချင်းနိုင်ငံများနှင့် ချစ်ကြည်ရင်းနှီးစွာ အတူတကွယှဉ်တွဲနေထိုင်တဲ့ ခိုင်မာသော အစဉ်အလာကောင်းများကို အစဉ်တစိုက်ထိန်းသိမ်းခဲ့တဲ့ နိုင်ငံဖြစ်ကြောင်း ကိုယ်စားလှယ်အဖွဲ့၏ တင်ပြချက် များက ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် အမှန်တရားကို မြတ်နိုးတန်ဖိုးထားကြသော မြန်မာပြည်သူပြည်သားများ၏ ဆန္ဒသဘောထားများနှင့် တစ်ထပ်တည်းကျလျက် ရှိပါကြောင်း၊ နိုင်ငံတော်၏ အချုပ်အခြာအာဏာနှင့် ဂုဏ်သိက္ခာကို ကာကွယ်ရန်အတွက် အမှန်တရားဘက်မှ ရပ်တည်ဆောင်ရွက်နေတဲ့ ကိုယ်စားလှယ်အဖွဲ့၏ ကြိုးပမ်းမှုများကို အပြည့်အဝထောက်ခံအားပေးပါကြောင်း ထုတ်ပြန်ချက်မှာ ထည့်သွင်းဖော်ပြထားပါတယ်။ ဆက်လက်ပြီး အပြည်ပြည်ဆိုင်ရာတရားရုံးရှိ ဂုဏ်သရေရှိတရားသူကြီးများအနေဖြင့်လည်း မိမိတို့၏ မွန်မြတ် လှသော တရားစီရင်ရေးဆိုင်ရာ ကျင့်ဝတ်သိက္ခာကို ထိန်းသိမ်းလျက်၊ မည်သည့်အစွဲအလမ်းမျှမပါဘဲ အခြေအနေ မှန်နှင့် အဖြစ်မှန်များကို ဘက်လိုက်မှုကင်းစွာဖြင့် ဝေဖန်ဆန်းစစ်သုံးသပ်နိုင်လိမ့်မည်ဟုမျှော်လင့် ယုံကြည်ပါကြောင်း၊ နိုင်ငံတကာဥပဒေနှင့် မြေပြင်တွင် အမှန်တကယ်ဖြစ်ပျက်နေသည့် အခြေအနေများအပေါ် အပြန်အလှန်လေးစား လိုက်နာမှုရှိသော အဖြေတစ်ခုထွက်ပေါ်လာရေးအတွက် အဖြစ်မှန်များကို မျှတစွာသုံးသပ် ဆုံးဖြတ်ရန်မှာ အလွန်ပင် အရေးကြီးကြောင်း မြန်မာ့ပုံရိပ်ဖော်ညွှန်းရေးအဖွဲ့ (Myanmar Narrative Think Tank) က သတင်းထုတ်ပြန်ပါတယ်။ မြန်မာ့ပုံရိပ်ဖော်ညွှန်းရေးအဖွဲ့(Myanmar Narrative Think Tank)သည် မြန်မာနိုင်ငံကို ကမ္ဘာ့အလယ်တွင် မြင်တွေ့ရတဲ့ပုံရိပ်ကို မြှင့်တင်ရန် နှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုရန် ရည်ရွယ်၍ အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍများအကြား ပူးပေါင်းဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။ (NVS 004)

13 Jan

ADVERTISE HERE .