“FA ဖလားက ထွက်ခဲ့ရတာကြောင့် ပွဲအနည်းဆုံးကစားရမယ့်ရာသီအဖြစ် မှတ်တမ်းဆိုးဝင်ခဲ့တဲ့ မန်ယူအသင်း”
12 Jan
မန်ယူအသင်းဟာ FA ဖလားတတိယအဆင့်မှာ ဘရိုက်တန်အသင်းကို ရှုံးနိမ့်ခဲ့ရပြီး ပြိုင်ပွဲကနေ ထွက်ခွာခဲ့ ရတာကြောင့် ၁၉၁၄-၁၅ ရာသီနောက်ပိုင်း ပွဲအနည်းဆုံးကစားရမယ့်ရာသီအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ မန်ယူအသင်းဟာ ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အဆင့်(၁၅)နေရာသာ ရရှိခဲ့တာကြောင့် ဥရောပ ပြိုင်ပွဲယှဉ်ပြိုင်ရခြင်းမရှိဘဲ ပရီးမီးယားလိဂ်နဲ့ ပြည်တွင်းဖလားပြိုင်ပွဲတွေပဲ ယှဉ်ပြိုင်နေရတာ ဖြစ်ပါတယ်။ ယခုနှစ်မှာ ပြည်တွင်းဖလားပြိုင်ပွဲများဖြစ်တဲ့ လိဂ်ဖလားပြိုင်ပွဲရဲ့ ဒုတိယအဆင့်မှာပဲ ဂရင်းစ်ဘီအသင်းကို ပယ်နယ်တီအဆုံးအဖြတ်နဲ့ ရှုံးနိမ့်ခဲ့ပြီး ပြိုင်ပွဲကထွက်ခဲ့ရသလို၊ FA ဖလားမှာ ပထမဆုံးယှဉ်ပြိုင်ရတဲ့ တတိယ အဆင့်မှာပဲ ဘရိုက်တန်အသင်းကို ၂ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ရပြီး ပြိုင်ပွဲက ထွက်ခဲ့ရတာ ဖြစ်ပါတယ်။ ဒါကြောင့် မန်ယူအသင်းအနေနဲ့ ဒီရာသီမှာ ပရီးမီးယားလိဂ်ပွဲစဉ် ၃၈ ပွဲနဲ့ လိဂ်ဖလား ၁ ပွဲ၊ FA ဖလား ၁ ပွဲ စုစုပေါင်းပွဲ ၄၀ သာ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ၁၉၁၄-၁၅ ရာသီမှာ ၃၉ ပွဲသာ ယှဉ်ပြိုင်ခဲ့ရတဲ့ နောက်ပိုင်း ပွဲအနည်းဆုံးယှဉ်ပြိုင်ရမယ့် ရာသီအဖြစ် မှတ်တမ်းဝင်သွားခဲ့တာ ဖြစ်ပါတယ်။ (NVS 008)