“ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က မဲဆန္ဒရှင်များ မဲပေးနေမှုများကို လှည့်လည်ကြည့်ရှုခဲ့ပြီး နှုတ်ဆက်စကားပြောကြားခဲ့”
12 Jan
နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ဇန်နဝါရီလ ၁၁ ရက်မှာ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲအပိုင်း(၂)မှာ ပါဝင်သော မြို့နယ်များရှိ မဲရုံများသို့ လိုက်လံကြည့်ရှုခဲ့ပြီး မဲဆန္ဒရှင်ပြည်သူများကို နှုတ်ဆက်စကားပြောကြားခဲ့ပါတယ်။ ရွေးကောက်ပွဲအပိုင်း(၂)မှာ ပြည်သူများဆန္ဒမဲပေးနေမှုကို ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့်အတူ အဖွဲ့ဝင်များ၊ တာဝန်ရှိသူများက ရန်ကုန်တိုင်းဒေသကြီးအတွင်းမှ လှိုင်မြို့နယ်၊ အင်းစိန်မြို့နယ်၊ လသာ မြို့နယ်တို့ရှိ သက်ဆိုင်ရာမဲရုံများအလိုက် မဲရုံများမှတာဝန်ရှိသူများ၏ ကွန်ပျူတာစနစ်ဖြင့် မဲစာရင်းများ တိုက်ဆိုင် စစ်ဆေးပေးလျက်ရှိမှုနှင့် မဲဆန္ဒရှင်ပြည်သူများ၏ ဆန္ဒမဲပေးနေမှုများကို လိုက်လံကြည့်ရှုကာ၊ မဲဆန္ဒရှင် ပြည်သူများ ဆန္ဒမဲပေးမှုနှင့် ပတ်သက်၍ ကြုံတွေ့ရမှုများ၊ MEVM စက်ဖြင့် ဆန္ဒမဲပေးရာတွင် တွေ့ကြုံရမှုများ၊ မဲရုံဝန်ထမ်းများ၏ တာဝန်ထမ်းဆောင်နေမှု အခြေအနေများနှင့်ပတ်သက်၍ ရင်းရင်းနှီးနှီး မေးမြန်းဆွေးနွေးခဲ့ပြီး မဲဆန္ဒရှင်ပြည်သူများကို နှုတ်ဆက်ခဲ့ပါတယ်။ ဇန်နဝါရီလ ၁၁ ရက်တွင် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း(၂)ကို နံနက် ၆ နာရီမှ စတင်ကာ သက်ဆိုင်ရာမြို့နယ်များမှာ ကျင်းပပြုလုပ်လျက်ရှိပြီး ရွေးကောက်ပွဲအပိုင်း(၃)ကို လာမယ့်ဇန်နဝါရီလ ၂၅ ရက်တွင် မြို့နယ် ၆၃ မြို့နယ်မှာ ဆက်လက်ကျင်းပသွားမှာဖြစ်ပါတယ်။ (NVS 004)