“ချည်မျှင်နှင့်အထည်အလိပ်ကျွမ်းကျင်သူ သင်တန်းနှင့် လက်ရက်ကန်းသင်တန်းများ အခမဲ့ဖွင့်လှစ်မည်”

12 Jan

သမဝါယမနှင့်ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်း(မိတ္ထီလာ)က ရိုးရာရက်ကန်းပညာများ ထိန်းသိမ်းစောင့်ရှောက်ရန်နှင့် အလုပ်အကိုင် အခွင့်အလမ်းများရရှိစေရေးအတွက် ချည်မျှင်နှင့်အထည်အလိပ်ကျွမ်းကျင်သူ တစ်နှစ်သင်တန်းနှင့် လက်ရက်ကန်း ခြောက်လသင်တန်းတို့ကို အခမဲ့ဖွင့်လှစ်သင်ကြားပေးသွားဖြစ်ကြောင်း သိရပါတယ်။ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မိတ္ထီလာခရိုင်၊ ရမည်းသင်းခရိုင်၊ ညောင်ဦးခရိုင်များရှိ မြို့နယ်များမှ ဒေသခံပြည်သူများအနေနဲ့ အလုပ်အကိုင်အခွင့်အလမ်းများရရှိစေပြီး ရိုးရာရက်ကန်း ပညာအမွေအနှစ်များ တိမ်ကောပပျောက်ခြင်း မရှိလေအောင် ဆက်လက်ထိန်းသိမ်းစောင့်ရှောက်ရန်၊ ရက်ကန်းလုပ်ငန်းဆိုင်ရာ နည်းပညာ ဆိုင်ရာ အတတ်ပညာများ ဖြန့်ဖြူးပေးရန်၊ သုတေသနလုပ်ငန်းများဆောင်ရွက်ရန် သင်ကြားပေးခြင်းဖြစ်ပါတယ်။ အခုလိုသင်ကြားပေးလျက်ရှိရာ ချည်မျှင်နှင့်အထည်အလိပ်ကျွမ်းကျင်သူ တစ်နှစ်သင်တန်းကို ဇန်နဝါရီလ ၁ ရက်မှ ဒီဇင်ဘာလအကုန်အထိ စက်ရက်ကန်း၊ ဆေးဆိုး၊ လက်ရက်ကန်း၊ တိုင်းရင်းသားရိုးရာဂျပ်ခုတ်၊ အထည်ဒီဇိုင်း၊ အထည်သင်္ချာ၊ စက်ချည်မျှင်ဆွဲ၊ အမျှင်ကုန်ကြမ်း ဘာသာရပ်များနှင့် စက်ချုပ်နည်းပညာကို သင်တန်းသား/သူ ၂၀ ဦးနဲ့ နေ့စဉ် နံနက် ၈ နာရီမှ ညနေ ၄ နာရီအထိ စာတွေ့/လက်တွေ့သင်ကြားပို့ချသွားမှာဖြစ်ပါတယ်။ ၎င်းအပြင် လက်ရက်ကန်း ခြောက်လသင်တန်းကို လက်ရက်ကန်း၊ ဆေးဆိုး၊ လက်ချည်မျှင်ဆွဲဘာသာရပ် များကို ဇန်နဝါရီလ ၁ ရက်မှ ဇွန်အကုန်အထိနှင့် ဇူလိုင်လ ၁ ရက်မှ ဒီဇင်ဘာလအကုန်အထိ တစ်နှစ် နှစ်ကြိမ် ဖွင့်လှစ် သင်ကြားပေးလျက်ရှိရာ ၎င်းသင်တန်းကို သင်တန်းသား ၁ဝ ဦးနဲ့ ဖွင့်လှစ်သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။ အဆိုပါ ချည်မျှင်နှင့်အထည်အလိပ်ကျွမ်းကျင်သူ တစ်နှစ်သင်တန်းနှင့်လက်ရက်ကန်း ခြောက်လ သင်တန်း များမှာ သင်တန်းတက်ရောက်သူများအနေဖြင့် အသက် ၁၆ နှစ်မှ ၂၅နှစ်အတွင်း အိမ်ထောင်မရှိသူဖြစ်ရမည့်အပြင် ချည်မျှင်နှင့် အထည်အလိပ်ကျွမ်းကျင်သူ တစ်နှစ်သင်တန်း တက်ရောက်လိုသူများမှာ အလယ်တန်းအောင်ရမည် ဖြစ်ပြီး လက်ရက်ကန်း ခြောက်လသင်တန်း တက်ရောက်သူများမှာ မူလတန်းအောင်မြင်ရမှာဖြစ်ပါတယ်။ သင်တန်းတက် ရောက်နေစဉ်ကာလအတွင်း ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်းရှိ အဆောင်မှာ အခမဲ့နေထိုင်ခွင့်ပြုတဲ့အပြင် ပညာသင်ထောက်ပံ့ကြေးတစ်လလျှင် ငွေကျပ် ၇၅ဝဝ ထောက်ပံ့ပေးလျက်ရှိပါတယ်။ သင်တန်းတက်ရောက်ပြီးစီးပါက နိုင်ငံတော်ပိုင်ချည်မျှင်နှင့် အထည်အလိပ်စက်ရုံများနှင့် ပုဂ္ဂလိကပိုင် အထည်ချုပ် စက်ရုံများမှာ ဝင်ရောက်လုပ်ကိုင်နိုင်ရန်နှင့် ကိုယ်ပိုင်လုပ်ငန်းများ လုပ်ကိုင်နိုင်တဲ့အထိ ကူညီပံ့ပိုးပေး သွားမည် ဖြစ်ကြောင်း သိရပါတယ်။ (NVS 004)

12 Jan

ADVERTISE HERE .