“ပုဂံကမ္ဘာ့အမွေအနှစ်ဒေသရှိ ဆင်ကအုတ်တိုက်ရှည်အား ပြုပြင်ထိန်းသိမ်းဆောင်ရွက်နေ”

12 Jan

ရာဂီမုန်တိုင်းတိုက်ခတ်၍ ထိခိုက်ပျက်စီးခဲ့သော ရှေးဟောင်းအဆောက်အအုံအမှတ်-၁ဝ၄၂ (ဆင်ကအုတ် တိုက်ရှည်)ကို အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေနဲ့ ၂ဝ၂၅ ခုနှစ်တွင် ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများကို စတင်လုပ်ကိုင်ဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။ အဆိုပါ ထိခိုက်ပျက်စီးမှုများ ကို သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီး ဌာန၏လမ်းညွှန်မှုဖြင့် ပုဂံဌာနခွဲ က ရှေးမူလက်ရာမပျက် ပြုပြင် ဆောင်ရွက်လျက်ရှိပါတယ်။ ရှေးဟောင်းအဆောက်အအုံအမှတ်-၁၀၄၂(ဆင်ကအုတ်တိုက်ရှည်)က ရာဂီမုန်တိုင်းဒဏ်ကြောင့် တောင်ဘက် ခြမ်းနံရံနှင့် အမိုးပေါင်းကူးထိခိုက်ပျက်စီးခဲ့ပြီး ကနဦးအနေနဲ့ အရေးပေါ်ထိန်းသိမ်းရေးလုပ်ငန်းများဖြစ်သော အစိမ်းစ ကာရံခြင်း၊ မိုးကာအုပ်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ပါတယ်။ ဆက်လက်၍ ထိခိုက်ပျက်စီးထားသော သဲခဲများကို စနစ်တကျ ရှင်းလင်းခြင်းလုပ်ငန်းကို ဆောင်ရွက်ခဲ့ပြီး တောင်ဘက်ခြမ်း၊ မြောက်ဘက်ခြမ်းနှင့် အနောက်ဘက်ခြမ်း တို့မှာ ငြမ်းဆင်၍ ဆွေးမြေ့အုတ်များ ဖယ်ထုတ်ခြင်း၊ ထိန်းသိမ်းရေးမူဝါဒနှင့်အညီ အုတ်စီခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက် ရှိပါတယ်။ ပုဂံကမ္ဘာ့အမွေအနှစ်ဒေသဟာ မိုခါမုန်တိုင်းနှင့် ရာဂီမုန်တိုင်းဒဏ်ကြောင့် ရှေးဟောင်းအဆောက်အအုံများ အနည်းငယ်ထိခိုက်ပျက်စီးခဲ့ကြောင်း ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲတာဝန်ရှိသူ များကနေ သိရပါတယ်။ (NVS 004)

12 Jan

ADVERTISE HERE .