“၂၀၂၅ ခုနှစ်အတွင်း မူးယစ်ဆေးဝါးနှင့်ပတ်သတ်၍ အမှုပေါင်း ၅,၃၇၀ မှုမှ တရားခံ ၇,၅၆၂ ဦးဖမ်းဆီးရမိခဲ့”
12 Jan
၂၀၂၅ ခုနှစ်အတွင်း မူးယစ်ဆေးဝါးအမှုပေါင်း ၅,၃၇၀ မှုမှ တရားခံ ၇,၅၆၂ ဦးနှင့် ငွေကျပ် ၁၇၆၁ ဒသမ ၃၂၄ ဘီလီယံတန်ဖိုးရှိ မူးယစ်ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများကို ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန် ချက်အရ သိရပါတယ်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ ထုတ်ပြချက်အရ ၂၀၂၅ ခုနှစ်အတွင်း မူးယစ်ဆေးဝါးအမှုပေါင်း ၅,၃၇၀ မှုမှ တရားခံ ၇,၅၆၂ ဦးတို့ကို ငွေကျပ် ၁,၇၆၁ ဒသမ ၃၂၄ ဘီလီယံတန်ဖိုးရှိ ဘိန်း ၁ တန်ကျော်၊ ဘိန်းဖြူ ၂ ဒသမ ၁ တန်ကျော်၊ စိတ်ကြွရူးသွပ်ဆေးပြား ၃၇၇ သန်းကျော်၊ အိုက်စ် ၃၇ ဒသမ ၈ တန်ကျော်၊ ဘိန်းစာရွက် ၁ ဒသမ ၅ တန်ကျော်၊ HAPPY WATER ၂၀၄ ကီလိုဂရမ်ကျော်၊ ကက်တမင်း ၁၅ တန်ကျော် အပါအဝင် အခြားမူးယစ်ဆေးဝါးများ၊ မောင်းပြန်ရိုင်ဖယ် ၂ လက်၊ ပစ္စတိုသေနတ် ၄၀ လက်၊ လုပ်သေနတ် ၂ လက်၊ ကျည်မျိုးစုံ ၂,၇၆၄ တောင့်၊ လက်ပစ်ဗုံး ၅ လုံးနှင့် ဒီတိုနေတာ မျိုးစုံ ၁၈၇,၄၀၀ ချောင်း တို့နှင့်အတူ ဖမ်းဆီးရမိခဲ့ပါတယ်။ ဒါ့အပြင် မူးယစ်ဆေးဝါးထုတ်လုပ်ရာမှာ အသုံးပြုရန် တရားမဝင်တင်သွင်းလာတဲ့ ထိန်းချုပ်ဓာတုပစ္စည်း Caffeine ၂၂ ဒသမ ၇ တန်ကျော်၊ Acetone ၉၆၀ လီတာ၊ Toluene ၅,၀၄၀ လီတာကျော်၊ Ammonium Chloride ၅ တန်၊ Sodium Cyanide ၂ တန်ကျော်၊ အခြားဓာတုပစ္စည်းများဖြစ်သည့် Sodium Carbonate ၅ တန်၊ Acetic Acid ၂၅,၆၀၀ လီတာကျော်၊ Nitric Acid ၃,၈၂၀ လီတာ အပါအဝင် ထိန်းချုပ်ဓာတုပစ္စည်းများနှင့် အခြားဓာတုပစ္စည်းများကို ဖမ်းဆီးရမိခဲ့ပြီး ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ်၊ ပုံတတ်ကျေးရွာအနီး၌ ဘိန်းချက်စခန်း ၁ ခုအား ဆက်စပ်ပစ္စည်းများနှင့် လည်းကောင်း၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်၊ မိုင်းဟဲ(အောက်)ကျေးရွာ အနီး၌ စိတ်ကြွရူးသွပ်ဆေးပြား ထုတ်လုပ်တဲ့စခန်း ၂ ခုအား ဆက်စပ်ပစ္စည်းများနှင့်လည်းကောင်း၊ တာချီလိတ် မြို့နယ်၊ ဝမ်ကောင်းမွန်ကျေးရွာရှိနေအိမ်မှ ဆေးပြားရိုက်စက်နှင့် ဆက်စပ်ပစ္စည်းများကိုလည်းကောင်း ဖော်ထုတ် ဖမ်းဆီးအရေးယူနိုင်ခဲ့ပါတယ်။ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးလုပ်ငန်းများကို အမျိုးသားရေးတာဝန်တစ်ရပ်အနေနဲ့ သတ်မှတ်၍ တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် အကောက်ခွန်ဦးစီးဌာနတို့မှ ဆက်စပ်ဌာနဆိုင်ရာများနှင့်ပူးပေါင်းကာ မူးယစ် ဆေးဝါး သတင်းရယူဖော်ထုတ်ဖမ်းဆီးရမိရေး စီမံချက်ချမှတ်ပြီး တားဆီးနှိမ်နင်းရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့တာဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရပါတယ်။ ဒါ့အပြင် ၂၀၂၅-၂၀၂၆ ဘိန်းစိုက်ရာသီမှာ ရှမ်းပြည်နယ်(တောင်ပိုင်း)နှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)တို့ရှိ ဘိန်းစိုက်ခင်းစုစုပေါင်း ၅,၀၈၄ ဒသမ ၅ ဧက (၂,၀၅၇ ဒသမ ၆၆ (ဟက်တာ))ကို ဖျက်ဆီးနိုင်ခဲ့ပြီး ကျန်ရှိသည့် ဘိန်းစိုက်ခင်းများကိုလည်း ဆက်လက်ဖျက်ဆီးလျက်ရှိကြောင်း သိရပါတယ်။ (NVS 004)