“ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုး‌‌ရေးအတွက် ပုဂ္ဂလိကဘဏ် ၁၄ ဘဏ်များကို PFI ဘဏ်များအဖြစ် ဆောင်ရွက်ခွင့်ပြု”

12 Jan

ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးရေးချေးငွေအစီအစဉ်ကို ထိရောက်စွာထုတ်ချေးနိုင်ရေးအတွက် အစိုးရဘဏ်နှစ် ဘဏ်အပြင် ပုဂ္ဂလိကဘဏ် ၁၄ ဘဏ်ကို PFI ဘဏ်များအဖြစ် ပါဝင်ဆောင်ရွက်ခွင့်ပြုခဲ့ကြောင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်းက ပြောကြားခဲ့ပါတယ်။ နေပြည်တော်ရှိ ပြည်တွင်းအခွန်များဦးစီးဌာန၏ အစည်းအဝေးခန်းမမှာကျင်းပတဲ့ ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးရေးချေးငွေစီမံခန့်ခွဲမှုလုပ်ငန်းအဖွဲ့၏ (၃/၂၀၂၅-၂၀၂၆) ကြိမ်မြောက် အစည်းအဝေးတွင် ဒုတိယဝန်ကြီး ပြောကြားခဲ့တာဖြစ်ပါတယ်။ ‎‎အစည်းအဝေးမှာ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်းက ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးရေးချေးငွေအစီအစဉ်ကို ကျယ်ကျယ်ပြန့်ပြန့်နှင့် ထိရောက်စွာပိုမိုထုတ်ချေးနိုင်ရေးအတွက် မြန်မာ့စီးပွားရေး ဘဏ်နှင့် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ဘဏ်နှစ် ဘဏ်သာမက ပုဂ္ဂလိကဘဏ် ၁၄ ဘဏ်ကို PFI ဘဏ်များအဖြစ် ပါဝင်ဆောင်ရွက်ခွင့်ပြုခဲ့ပြီးဖြစ်ကြောင်း၊ PFI ဘဏ်များအနေနဲ့ ဆီစက်ဖွံ့ဖြိုးရေး ချေးငွေပိုမိုမြန်ဆန်စွာ ထုတ်ချေး နိုင်ရေး ဆောင်ရွက်ကြရန်၊ မိမိတို့ ထုတ်ချေးပေးထားတဲ့ ချေးငွေများထိရောက်စွာအသုံးပြုမှုရှိ/မရှိကို စဉ်ဆက်မပြတ် စစ်ဆေးသုံးသပ်ဆောင်ရွက်ရန် လိုအပ်သကဲ့သို့ လုပ်ငန်းရှင်များက ပြန်လည်ပေးသွင်းရန် အချိန်စေ့ရောက်တဲ့ ချေးငွေ အရင်း၊ အတိုးများကို ပုံမှန်ပေးဆပ်စေရေးကြိုးပမ်းဆောင်ရွက်ရန်လိုအပ်ကြောင်း ပြောကြားခဲ့ပါတယ်။ ‎အစည်းအဝေးသို့ လုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်း၊ လုပ်ငန်းအဖွဲ့ဝင်များဖြစ်ကြတဲ့ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာန၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန တို့မှ အမြဲတမ်းအတွင်းဝန်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံဘဏ်များအသင်းဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်(UMFCCI)၊ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်း၊ မြန်မာနိုင်ငံဆီစက်ပိုင်ရှင်များအသင်းတို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးရေးချေးငွေစီမံခန့်ခွဲမှု လုပ်ငန်းအဖွဲ့အတွင်းရေးမှူးနှင့်အဖွဲ့ဝင်များက ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးရေးချေးငွေ ထုတ်ချေးမှုနှင့် အချိန်စေ့ငွေများကို ပြန်လည်ကောက်ခံရရှိမှုနှင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များကို ဝိုင်းဝန်းအကြံပြုဆွေးနွေးတင်ပြခဲ့ကြကြောင်း သိရပါတယ်။ (NVS 004)

12 Jan

ADVERTISE HERE .