“၂၀၂၆ ခုနှစ်အတွက် ကမ္ဘာ့တန်ဖိုးအမြင့်ဆုံးကစားသမားအဖြစ် ယာမယ် သတ်မှတ်ခံရ”

10 Jan

CIES Football Observatory က ၂၀၂၆ ခုနှစ်အတွက် ပြောင်းရွှေ့ကြေးတန်ဖိုးအမြင့်ဆုံးကစားသမားအဖြစ် ဘာစီလိုနာအသင်း ကစားသမား ယာမယ် ကို သတ်မှတ်ခဲ့ပါတယ်။ CIES Football Observatory ဟာ ဆွစ်ဇာလန်နိုင်ငံအခြေစိုက် လွတ်လပ်တဲ့ သုတေသနနှင့် သင်ကြားရေး စင်တာက ဖွဲ့စည်းထားတဲ့ အဖွဲ့ဖြစ်ပြီး ကစားသမားရဲ့ စွမ်းဆောင်ရည် (ပွဲကစားရသည့်မိနစ်၊ သွင်းဂိုး)၊ ကစားသမားရဲ့ အသက်၊ စာချုပ်သက်တမ်း၊ နိုင်ငံတကာပြိုင်ပွဲများမှာ စွမ်းဆောင်မှု၊ ကလပ်အသင်းရဲ့ လိဂ်ပြိုင်ပွဲအဆင့်၊ စျေးကွက် အခြေအနေ စတဲ့အချက်တွေအပေါ်မူတည်ပြီး ကမ္ဘာတစ်ဝန်း ပြောင်းရွှေ့ကြေး တန်ဖိုးအမြင့်ဆုံးကစားသမား ၁၀၀ စာရင်းကို ထုတ်ပြန်ခဲ့ပါတယ်။ အသက် ၁၈ နှစ်သာ ရှိသေးတဲ့ ဘာစီလိုနာအသင်းနဲ့ စပိန်လက်ရွေးစင် တောင်ပံကစားသမား ယာမယ် က ပြောင်းရွှေ့ကြေးတန်ဖိုး ယူရို ၃၄၃ ဒသမ ၁ သန်း သတ်မှတ်ခံရပြီး ယခုစာရင်းရဲ့ ထိပ်ဆုံးနေရာမှာ ရပ်တည်နိုင်ခဲ့ပါတယ်။ ၂၀၂၅ ခုနှစ်အတွက် Ballon d'Or နဲ့ FIFA The Best အကောင်းဆုံးကစားသမားဆု ဆွတ်ခူးရရှိခဲ့တဲ့ PSG အသင်းရဲ့ ပြင်သစ်လက်ရွေးစင် တောင်ပံကစားသမား ဒမ်ဘီလီ ကတော့ ယခုထုတ်ပြန်တဲ့ ပြောင်းရွှေ့ကြေးတန်ဖိုးအမြင့်ဆုံး ထိပ်ဆုံး ၁၀၀ ဦးစာရင်းမှာ ပါဝင်ခဲ့ခြင်းမရှိတာကို တွေ့ရပါတယ်။ (NVS 008)

10 Jan

ADVERTISE HERE .