“သာပေါင်းမြို့ရှိ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖများနှင့် နိုင်ငံတော်ယာယီသမ္မတ တွေ့ဆုံ”
10 Jan
နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ဇန်နဝါရီလ ၉ ရက်တွင် ဧရာဝတီတိုင်းဒေသကြီး၊ သာပေါင်းမြို့ရှိ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်မိရပ်ဖများကို တွေ့ဆုံခဲ့ပါတယ်။ တွေ့ဆုံပွဲတွင် ဒီဇင်ဘာလ ၂၈ ရက်က ရွေးကောက်ပွဲအပိုင်း(၁)ကျင်းပပြီးစီးခဲ့မှု၊ နိုင်ငံတကာမှ စောင့်ကြည့် လေ့လာရေးအဖွဲ့များ လာရောက်လေ့လာခဲ့ပြီး ကောင်းမွန်တဲ့သုံးသပ်ချက်များရရှိခဲ့မှု၊ ရွေးကောက်ပွဲအပိုင်း(၂)နှင့် အပိုင်း(၃)ကို မကြာမီအချိန်အတွင်း ဆက်လက်ကျင်းပရန် ဆောင်ရွက်နေမှုတို့ကို ဆွေးနွေးပြောကြားခဲ့ပါတယ်။ ဒါ့အပြင် နိုင်ငံတော်ယာယီသမ္မတက သာပေါင်းမြို့နယ်အတွင်း စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ တိုးတက် စေရေးအတွက် လိုအပ်တာများကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနမှ အကူအညီများတောင်းခံ နိုင်မှု၊ စိုက်ပျိုးမွေးမြူရေးကဏ္ဍ၊ ပညာရေးကဏ္ဍ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုအခြေခံပညာအထက်တန်း ကျောင်းများကို ခရိုင်များအလိုက်ဖွင့်လှစ်သင်ကြားပေးလျက်ရှိမှု၊ သာပေါင်းဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရမှ လိုအပ်တာများကို ဖြည့်ဆည်းပေးမည်ဖြစ်ကြောင်းနှင့် ကျန်းမာရေးကဏ္ဍ၊ ဒေသမှစိုက်ပျိုးထုတ်လုပ်တဲ့ဆန်များကို တန်ဖိုးမြင့်ဆန်များ ထုတ်လုပ်နိုင်ရန်လိုအပ်မှု၊ ဆီထွက်သီးနှံများဖြစ်တဲ့ နှမ်း၊ မြေပဲ၊ နေကြာ၊ ပဲပုတ် တို့ကို တိုးချဲ့စိုက်ပျိုးစေလိုမှုတို့ကို ဆွေးနွေးပြောကြားခဲ့ပါတယ်။ စိုက်ပျိုးရေးလုပ်ငန်းများ တိုးတက်စေရေးအတွက် မျိုးကောင်းမျိုးသန့်များရရှိရန်၊ စိုက်ပျိုးရန်ကောင်းမွန်တဲ့ မြေအမျိုးအစားဖြစ်စေရေး မြေပြုပြင်ခြင်းလုပ်ငန်းများဆောင်ရွက်ရန်၊ သွင်းအားစုများထည့်သွင်းရန်၊ စိုက်ပျိုးရေ လုံလောက်စွာရရှိစေရေးအတွက် လျှပ်စစ်မြစ်ရေတင်လုပ်ငန်းများဆောင်ရွက်ရန်၊ ဝါးကို တန်ဖိုးမြှင့်ပစ္စည်းများအဖြစ် ထုတ်လုပ်နိုင်ရေး ဆောင်ရွက်ရန်တို့ကိုလည်း ဆွေးနွေးပြောကြားခဲ့ပါတယ်။ (NVS 004)