“စားသုံးဆီဈေးနှုန်း မြှင့်တင်ရောင်းချမှုများကို စစ်ဆေးဖော်ထုတ်လျက်ရှိ”
10 Jan
သတ်မှတ်ကာလအတွင်း သက်ဆိုင်ရာဒေသသို့ သတ်မှတ်ဈေးနှုန်း၊ အရည်အသွေး၊ အခြင်အတွယ်မှန်ကန်စွာ ရောင်းချစေရေးနှင့် မသမာသော နည်းလမ်းများဖြင့် ဖြန့်ဖြူးရောင်းချမှုများကို စစ်ဆေးဖော်ထုတ်မှုများ ဆောင်ရွက် လျက်ရှိကြောင်း ပြည်ထောင်စုဝန်ကြီး ဦးချစ်ဆွေ ကပြောကြားခဲ့ပါတယ်။ စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက သတ်မှတ်တဲ့ ဈေးနှုန်းထက် အချို့သောမြို့နယ်များမှာ မြှင့်တင်ရောင်းချလျက်ရှိသလို အချို့မြို့နယ်များမှာ ခွဲတမ်းကိုအပြည့်အဝရောင်းချမှု မရှိခြင်းတို့ကို ကြားသိရကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးချစ်ဆွေ က စားသုံဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းများနှင့်ပတ်သက်တဲ့ ညှိနှိုင်းအစည်းဝေးမှာ ထည့်သွင်းပြောကြား ခဲ့ခြင်း ဖြစ်ပါတယ်။ စားသုံးဆီရည်ညွှန်းဈေးနှုန်း စိစစ်တွက်ချက်ရေးအဖွဲ့မှ သေချာစွာစိစစ်တွက်ချက်၍ အပတ်စဉ်ထုတ်ပြန် ပေးလျက်ရှိကြောင်း၊ မလိုအပ်သော ကုန်ကျစရိတ်များကို လျှော့ချခြင်းနှင့် ပြည်ပ CIF ဈေးနှုန်းများ ပြန်လည်ကျဆင်း လာခြင်းတို့ကြောင့် ၂၀၂၅ ခုနှစ် စက်တင်ဘာလစတုတ္ထပတ်မှ ဒီဇင်ဘာလအထိ စားသုံးဆီတစ်ပိဿာ ဈေးနှုန်းမှာ ငွေကျပ် ၅၆၀ ကျဆင်းလာခဲ့ကြောင်း သိရပါတယ်။ လက်ရှိ ဈေးကွက်ဖြန့်ဖြူးမှုအနေဖြင့် တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် ခွဲဝေလျာထားတဲ့ ပမာဏအတိုင်း ရောက်ရှိနိုင်စေရန် တိုင်းဒေသကြီး စားအုန်းဆီဖြန့်ဖြူးမှု ကြီးကြပ်ရေးကော်မတီများ၊ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၊ ကုမ္ပဏီများနှင့် ညှိနှိုင်းပေးနေခြင်းဖြစ်ကြောင်း သိရပါတယ်။ (NVS 004)