“ငွေစက္ကူများပေါ်မှာ နိုင်ငံတော်၏ဂုဏ်သိက္ခာထိခိုက်စေမည့် ဆောင်ရွက်ချက်များကို မပြုလုပ်မိစေရန်အသိပေး”
10 Jan
ပြည်သူများအနေဖြင့် ငွေစက္ကူများပေါ်တွင်နိုင်ငံတော်၏ ဂုဏ်သိက္ခာထိခိုက်စေမည့် ဆောင်ရွက်ချက်များကို မပြုလုပ်မိစေရန် ဗဟိုဘဏ်က ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၉ ရက်တွင် အသိပေးထုတ်ပြန်ခဲ့ပါတယ်။ ပြည်သူများအနေနဲ့ နိုင်ငံတော်တစ်ဝန်းလုံးမှာ ကိုင်တွယ်သုံးစွဲနေတဲ့ ငွေစက္ကူများကို ဟောင်းနွမ်းပျက်စီးအောင် ကိုင်တွယ်အသုံးပြုမှုကို ရှောင်ရှားပြီး စနစ်တကျကိုင်တွယ်သုံးစွဲရန်နှင့် ရေရှည်အသုံးပြုနိုင်ရေးအတွက် ရိုသေစွာ ကိုင်တွယ်အသုံးပြုကြရန်လည်း အသိပေးထားပါတယ်။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥပဒေပုဒ်မ ၄၀၊ ပုဒ်မခွဲ (င)မှာ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ပြည်တွင်းသုံးငွေကို တစ်ဦးတည်းထုတ်ဝေသူအဖြစ် ဆောင်ရွက်ခြင်းနှင့် စီမံခန့်ခွဲခြင်းနှင့် ပုဒ်မ ၆၂ တွင် ဗဟိုဘဏ်ကသာလျှင် ငွေစက္ကူနှင့် ဒင်္ဂါးများ ထုတ်ပိုင်ခွင့်ရှိသည်ဟူ၍ ပြဋ္ဌာန်းထားပါတယ်။ ဥပဒေနှင့်အညီ ထုတ်ဝေထားတဲ့ငွေစက္ကူများကို ဖြတ်တောက်ခြင်း၊ ဆုတ်ဖြဲခြင်း သို့မဟုတ် အခြားတစ်နည်း နည်းနဲ့ ပုံသဏ္ဌာန်ပျက်ယွင်းအောင် ပြုလုပ်ခြင်းများကို မပြုလုပ်ရန် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥပဒေပုဒ်မ ၉၉၊ ပုဒ်မခွဲ (က) တွင် ပြဋ္ဌာန်းတားမြစ်ထားပါတယ်။ မည်သူမဆိုယင်းတားမြစ်ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥပဒေ ပုဒ်မ ၁၀၃ အရ ငွေဒဏ်ဖြစ်စေ၊ နှစ်နှစ်ထက် မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ဒဏ်နှစ် ရပ်လုံးဖြစ်စေ ချမှတ်ခြင်းခံရမှာ ဖြစ်ပါတယ်။ ငွေစက္ကူပေါ်မှာ စာသားများရေးသားရေးခြစ်ဖော်ပြခြင်းဖြင့် နိုင်ငံတော်အစိုးရကိုဖြစ်စေ၊ အများပြည်သူ တည်ငြိမ်ရေးကိုဖြစ်စေ ထိခိုက်စေတဲ့ပြစ်မှုကို ကျူးလွန်ချင်လာအောင် အများပြည်သူကို သော်လည်းကောင်း၊ အများပြည်သူ၏ သီးခြားလူစုကိုသော်လည်းကောင်း ကြောက်ခြင်း၊ ထိတ်လန့်ခြင်း တစ်ခုခုဖြစ်စေရန် ကြံရွယ်ချက် ရှိလျှင် သို့မဟုတ် ဖြစ်စေတန်ရာတဲ့အကြောင်းရှိလျှင် သို့မဟုတ် ပြစ်မှုကျူးလွန်လှုံ့ဆော်ခြင်းဖြစ်စေတန်ရာသည့် ကြံရွယ်ချက်ရှိလျှင် ရာဇသတ်ကြီးပုဒ်မ ၅၀၅၊ ပုဒ်မခွဲ (ဂ)နှင့် (ဃ)အရ နှစ်နှစ်အထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခံရနိုင်သည်ဟု အသိပေးကြေညာချက်တွင် ဖော်ပြထားပါတယ်။ ဒါကြောင့် နိုင်ငံတော်၏ ဂုဏ်သိက္ခာထိခိုက်စေမည့်ဆောင်ရွက်ချက်များကို ငွေစက္ကူများပေါ်မှာ မပြုလုပ်မိစေ ရန်နှင့် ပြုလုပ်မိပါက တည်ဆဲဥပဒေပါပြဋ္ဌာန်းချက်များကို ချိုးဖောက်မှုပြစ်မှုမြောက်စေသည်ဖြစ်၍ အလေးထား ကိုင်တွယ်သုံးစွဲကြရန် အသိပေးထားပါတယ်။ (NVS 004)