“စပိန်စူပါဖလားဗိုလ်လုပွဲမှာ ဘာစီလိုနာနဲ့ ရီးရဲလ်မက်ဒရစ်တို့ ၄ နှစ်ဆက်တိုက် ဆုံတွေ့”
09 Jan
၂၀၂၆ စပိန်စူပါဖလားပြိုင်ပွဲရဲ့ ဆီမီးဖိုင်နယ်မှာ ရီးရဲလ်အသင်းက အက်သလက်တီကိုအသင်းကို အနိုင်ရရှိ ခဲ့တာကြောင့် စပိန်စူပါဖလားဗိုလ်လုပွဲမှာ ဘာစီလိုနာအသင်းနဲ့ ၄ နှစ်ဆက်တိုက် ဆုံတွေ့ရတော့မှာ ဖြစ်ပါတယ်။ ဆီမီးဖိုင်နယ်ပထမပွဲမှာ ဘာစီလိုနာအသင်းက ဘီလ်ဘာအိုအသင်းကို ၅ ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့ကာ ဗိုလ်လုပွဲကို ၄ နှစ်ဆက်တိုက် တက်ရောက်နိုင်ခဲ့ခြင်းဖြစ်ပြီး ရီးရဲလ်အသင်းက အက်သလက်တီကိုအသင်းကို ၂ ဂိုး၊ ၁ ဂိုးနဲ့ အနိုင်ရရှိကာ တက်ရောက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ရီးရဲလ်အသင်းက ၂၀၂၂ ကနေ ၂၀၂၆ ခုနှစ်အထိ ၅ နှစ်ဆက်တိုက် ဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဘာစီလိုနာအသင်းက စပိန်စူပါဖလားကို ၁၅ ကြိမ်အထိရရှိထားတဲ့ အအောင်မြင်ဆုံးအသင်း ဖြစ်သလို စပိန်စူပါဖလားဗိုလ်လုပွဲမှာ ရီးရဲလ်အသင်းနှင့် နောက်ဆုံးဗိုလ်လုပွဲ ၃ ကြိမ်မှာ ၂ ကြိမ် အနိုင်ရရှိထားပါတယ်။ ၂၀၂၆ စပိန်စူပါဖလားဗိုလ်လုပွဲကို ဇန်နဝါရီလ ၁၁ ရက်တွင် ယှဉ်ပြိုင်ကစားရမှာဖြစ်ပြီး ဆုကြေးနဲ့ ယှဉ်ပြိုင်မှု အပေါ် ငွေကြေးခွဲဝေမှုအရ ဗိုလ်စွဲတဲ့အသင်းက ယူရို ၈ သန်းအထိ ရရှိမှာဖြစ်ပြီး ရှုံးနိမ့်တဲ့အသင်းကတော့ ယူရို ၇ ဒသမ ၄ သန်း ရရှိမယ်လို့ သိရပါတယ်။ (NVS 008)