“သီးနှံအာမခံစနစ်အတွက် မူဝါဒရေးဆွဲခြင်းနှင့် အာမခံပရီမီယံကြေး သတ်မှတ်ပေးနိုင်‌ရေး ဆောင်ရွက်သွားမည်”

09 Jan

သီးနှံအာမခံစနစ်ကို အကောင်အထည်ဖော်ရာမှာ အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍ ပူးပေါင်းဆောင်ရွက်သွားရန် ဖြစ်ပြီး အစိုးရအနေနဲ့ လိုအပ်တဲ့ မူဝါဒ၊ ဥပဒေနှင့် လုပ်ထုံးလုပ်နည်းများကို ရေးဆွဲခြင်းနှင့် အာမခံပရီမီယံကြေး သတ်မှတ်ပေးနိုင်‌ရေးကိုလည်း စဉ်းစားဆောင်ရွက်သွားမည်ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် က ပြောကြားခဲ့ပါတယ်။ ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမမှာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ (၅၁) ကြိမ်မြောက် ဗုဒ္ဓဟူးနေ့စကားဝိုင်းဆွေးနွေးပွဲတွင် ရာသီဥတုဒဏ်ကြောင့် သီးနှံအထွက်နှုန်းထိခိုက်မှုကြောင့် တောင်သူ အပေါ် ထိခိုက်မှုလျှော့ချရန် သီးနှံအာမခံစနစ် ပေါ်ပေါက်စေရေးခေါင်းစဉ်ဖြင့် ဇန်နဝါရီလ ၈ ရက် မွန်းလွဲပိုင်းက ကျင်းပစဉ်၌ ဆွေးနွေးပြောကြားခဲ့တာ ဖြစ်ပါတယ်။ ဆွေးနွေးပွဲမှာ ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်က သီးနှံအာမခံစနစ်ဆိုသည်မှာ တောင်သူများအတွက် သာမက စားရေးရိက္ခာဖူလုံရေး၊ ကျေးလက်ဒေသဖွံ့ဖြိုးရေး၊ နိုင်ငံ့စီးပွားတည်ငြိမ်ရေးအတွက်ပါ မဖြစ်မနေဖော်ဆောင် ရမည့်လုပ်ငန်းတစ်ခုဖြစ်ကြောင်း၊ ရိတ်သိမ်းခါနီးအချိန်မှာ မမျှော်လင့်ထားတဲ့ သဘာဝဘေးအန္တရာယ်တစ်ခုခု ကြောင့် သီးနှံများပျက်စီးသွားပါက တောင်သူများရင်းနှီးမြှုပ်နှံထားတဲ့ အရင်းအနှီးများ ဆုံးရှုံးစေရုံသာမက တောင်သူ တစ်ဦးချင်းစီ၏ မိသားစုဘဝကို ထိခိုက်စေပြီး နိုင်ငံတော်၏ စိုက်ပျိုးထုတ်လုပ်မှုကွင်းဆက် (Value Chain) တစ်ခုလုံးကိုပါ ထိခိုက်စေပါကြောင်း၊ ရာသီဥတုပြောင်းလဲဖြစ်စဉ်များကြောင့် သီးနှံအထွက်နှုန်းနှင့် တောင်သူအပေါ် ထိခိုက်မှုလျှော့ချနိုင်ရေးကို ထိရောက်စွာ ဖြေရှင်းနိုင်စေရန် တောင်သူများအတွက် နိုင်ငံတကာအသိအမှတ်ပြုသည့် သီးနှံအာမခံစနစ်ကို ထားရှိစေခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ သီးနှံအာမခံစနစ်ကို ကြိုတင်ကာကွယ်မှုဆိုင်ရာ စီမံခန့်ခွဲမှုအဖြစ် စနစ်တကျအကောင်အထည်ဖော်သွား ကြရန်နှင့် သဘာဝဘေးကြောင့် သီးနှံပျက်စီးတဲ့အခါ တောင်သူများအနေနဲ့ ထိုက်သင့်တဲ့လျော်ကြေးငွေကို ပြန်လည် ရရှိစေပြီး နောက်တစ်ရာသီအတွက် ပြန်လည်စိုက်ပျိုးနိုင်ရန် အရင်းအနှီးရရှိစေမည်ဖြစ်ပါကြောင်း၊ သီးနှံအာမခံစနစ် ကို အကောင်အထည်ဖော်ရာတွင် အစိုးရနှင့်ပုဂ္ဂလိကကဏ္ဍ ပူးပေါင်းဆောင်ရွက်သွားရန်ဖြစ်ပြီး အစိုးရအနေဖြင့် လိုအပ်တဲ့ မူဝါဒ၊ ဥပဒေနှင့် လုပ်ထုံးလုပ်နည်းများကို ရေးဆွဲခြင်းနှင့် အာမခံပရီမီယံကြေး သတ်မှတ်ပေးနိုင်‌ရေးကို စဉ်းစားဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြည်ထောင်စုဝန်ကြီးက ဆက်လက်ပြောကြားခဲ့ပါတယ်။ အဲဒီနောက် စကားဝိုင်းဆွေးနွေးပွဲကို ဆက်လက်ကျင်းပရာ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၊ စိုက်ပျိုးရေး ဦးစီးဌာန၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာနတို့မှ ပညာရှင်များက ကဏ္ဍအလိုက် ရှင်းလင်းဆွေးနွေးကြပြီး စကားဝိုင်း ဆွေးနွေးပွဲ တက်ရောက်လာကြသူများ၊ အွန်လိုင်းနဲ့ ပါဝင်တက်ရောက်တဲ့ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ကိုယ်စားလှယ်များက သိရှိလိုတာများကို မေးမြန်းဆွေးနွေးခြင်း၊ အကြံပြုသုံးသပ်တင်ပြခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရပါတယ်။ (NVS 004)

09 Jan

ADVERTISE HERE .