“စက်ပစ္စည်းများ အရည်အသွေးပြည့်မီစွာ စနစ်တကျသုတေသနပြု ထုတ်လုပ်ရန်မှာကြား”
09 Jan
နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ဇန်နဝါရီလ ၈ ရက်တွင် ပဲခူးတိုင်းဒေသကြီး၊ ဆင်တဲနှင့် ထုံးဘိုတို့ရှိ နယ်မြေခံတပ်မတော် အကြီးစားစက်ရုံများမှာ လယ်ယာသုံးစက်ကိရိယာများ၊ မော်တော်ယာဉ်များ ထုတ်လုပ်နေမှုအခြေအနေတို့ကို ကြည့်ရှုစစ်ဆေးခဲ့ရာ အဆိုပါစက်ရုံမှ ထုတ်လုပ်လိုက်တဲ့ စက်ပစ္စည်းများ အရည်အသွေးပြည့်မီစေရေးအတွက် စနစ်တကျသုတေသနပြုထုတ်လုပ်ရန် မှာကြားခဲ့ပါတယ်။ မြန်မာနိုင်ငံက စိုက်ပျိုးရေးလုပ်ငန်းကို အဓိကစီးပွားရေးအဖြစ် ဆောင်ရွက်တဲ့နိုင်ငံဖြစ်၍ နိုင်ငံတော်၏ လယ်ယာစိုက်ပျိုးရေးကဏ္ဍတိုးတက်စေရေးအတွက် လိုအပ်တဲ့လယ်ထွန်စက်များနှင့် စက်ကိရိယာများကို ပိုမိုတိုးတက် ထုတ်လုပ်နိုင်ရေးဆောင်ရွက်ရမည်ဖြစ်ကာ စက်ရုံရဲ့ကုန်ထုတ်လုပ်ငန်းများအတွက် လိုအပ်သော ကျွမ်းကျင်လုပ်သား များ ရရှိစေရေးဆောင်ရွက်ရမယ်လို့ မှာကြားခဲ့ပါတယ်။ ဒါ့အပြင် မော်တော်ယာဉ်များထုတ်လုပ်ရာမှာ အစိတ်အပိုင်းများအားလုံးကို မိမိတို့ကိုယ်တိုင်ထုတ်လုပ် အသုံးပြုနိုင်ရန်လိုအပ်ပြီး အစိတ်အပိုင်းများကို ပိုမိုတိုးမြှင့်ထုတ်လုပ်နိုင်ရေး စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်ရန် လိုအပ်ကာ ထုတ်လုပ်ပြီးစက်ပစ္စည်းအစိတ်အပိုင်းများကို တစ်ခုချင်းစီအလိုက် အရည်အသွေးစမ်းသပ်ခြင်းများ ဆောင်ရွက်ပြီးမှသာ တပ်ဆင်အသုံးပြုရမည်ဖြစ်ပြီး မော်တော်ယာဉ်အရည်အသွေးစစ်ဆေးခြင်း၊ စမ်းသပ်မောင်းနှင် ခြင်းများကို စနစ်တကျဆောင်ရွက်၍ အရေအတွက်ပိုမိုတိုးမြှင့်ထုတ်လုပ်နိုင်ရေးနှင့် အရည်အသွေးပိုမိုကောင်းမွန် လာရေးတို့ကို ဆက်လက် ကြိုးပမ်းဆောင်ရွက်ရမည်ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မှာကြားခဲ့ပါတယ်။ ဆက်လက်ပြီး တပ်မတော်အကြီးစားစက်ရုံ(ဆင်တဲ)မှထုတ်လုပ်တဲ့ လက်ဆွဲကောက်စိုက် စက်နှင့် Manual Drum Seeder များ၊ ဆက်စပ်ပစ္စည်းများထုတ်လုပ်နေမှု၊ သံရည်ကြိုအလုပ်ရုံအတွင်း စက်ပစ္စည်းအစိတ်အပိုင်းများ သွန်းလောင်းထုတ်လုပ်နေမှု၊ သံဂဟေချောင်းအလုပ်ရုံအတွင်း သံဂဟေချောင်းများ အဆင့်ဆင့်ထုတ်လုပ်နေမှု၊ တပ်မတော်အကြီးစားစက်ရုံ(ထုံးဘို)မှာ အလုပ်ရုံများအတွင်း မော်တော်ယာဉ်များထုတ်လုပ်နေမှု လုပ်ငန်းစဉ် အဆင့်ဆင့်၊ ထုတ်လုပ်ပြီးမော်တော်ယာဉ်များကို စစ်ဆေးစမ်းသပ်နေမှုနှင့် ထုတ်လုပ်ထားရှိတဲ့ မော်တော်ယာဉ်များကို ကြည့်ရှုစစ်ဆေးခဲ့ပါတယ်။ (NVS 004)