“လူမှုဖူလုံရေးအဖွဲ့တွင် တာဝန်ထမ်းဆောင်မည့် သစ်လွင်သူနာပြုများနှင့် အလုပ်သမားဝန်ကြီးဌာနမှ တွေ့ဆုံ”
08 Jan
လူမှုဖူလုံရေးအဖွဲ့တွင် တာဝန်ထမ်းဆောင်မည့် သစ်လွင်သူနာပြုများနှင့် အလုပ်သမားဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီးက တွေ့ဆုံခြင်း အခမ်းအနားကို ဇနဝါရီလ ၇ ရက်တွင် လူမှုဖူလုံရေးအဖွဲ့ရုံးချုပ်စုဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနမှ အလုပ်သမားဝန်ကြီးဌာန လူမှုဖူလုံရေးအဖွဲ့သို့ခန့်အပ် တာဝန်ပေးအပ်ခဲ့သည့် သစ်လွင်သူနာပြုများကို အလုပ်သမားဝန်ကြီးဌာနတွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီး ဦးအောင်ကျော်ဟိုး၊ ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဆေးရုံအုပ်ကြီးများနှင့် တာဝန်ထမ်းဆောင်မည့် သစ်လွင်သူနာပြုများ တက်ရောက်ခဲ့ကြ ပါတယ်။ ဦးစွာပြည်ထောင်စုဝန်ကြီးက သစ်လွင်သူနာပြုများအနေနဲ့ ဆေးကုသမှုဆိုင်ရာ အတွေ့အကြုံများကို လုပ်ငန်းခွင် လက်တွေ့လေ့လာသင်ယူကြပြီး သူနာပြုကောင်းများ ဖြစ်ပေါ်လာစေရေးအတွက် လိုအပ်သည့်ဆေးပညာရပ်များ ဆက်လက် ဆည်းပူးလေ့လာနိုင်ရေး၊ ဌာနအနေနဲ့ လိုအပ်သည်များပံ့ပိုးဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ဆေးကုသမှု လုပ်ငန်းများဆောင်ရွက်ရာ၌ အာမခံအလုပ်သမားများအပေါ် နွေးထွေးပျူငှာစွာ စေတနာထားကြိုးပမ်းဆောင်ရွက် သွားကြရန်၊ ဆရာဝန်၊ သူနာပြုများမှာ လူနာများ၏ အားထားရာမျှော်လင့်ချက်ဖြစ်သဖြင့် ကိုယ်ချင်းစာတရားထားကာ ဆေးကုသမှုလုပ်ငန်းများကို ကြိုးပမ်းဆောင်ရွက်သွားကြရန် ပြောကြားခဲ့ကြောင်းသိရပါတယ်။ (NVS-004)