“ပြည်ထောင်စုရွေးကောက်ပွဲကုန်ကျစရိတ်စာရင်းကို သတ်မှတ်ရက်အတွင်း တင်သွင်းရန်အသိပေး”

08 Jan

ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသော လွှတ်တော်ကိုယ်စားလှယ်လောင်းများနှင့် ၎င်းတို့၏ ရွေးကောက်ပွဲကိုယ်စားလှယ်များအနေနဲ့ ရွေးကောက်ပွဲကုန်ကျစရိတ်စာရင်းကို သတ်မှတ်ရက်အတွင်း မတင်သွင်းပါက သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲနည်းဥပဒေ ၁၀၉ အရ အရည်အချင်းပျက်ယွင်းသူအဖြစ် သတ်မှတ်ကြေညာခြင်း ခံရမည်ဖြစ်ကြောင်း အသိပေးထားပါတယ်။ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၁) အား မြို့နယ် ၁၀၂ မြို့နယ်၌ ကျင်းပပြုလုပ်ခဲ့ပြီးဖြစ်ပြီး အထွေထွေရွေးကောက်ပွဲအပိုင်း(၁)တွင် သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲ နည်းဥပဒေ ၁၀၂ အရ သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ကော်မရှင်အဖွဲ့ခွဲက ရွေးကောက်တင်မြှောက် ခံရသူ လွှတ်တော်ကိုယ်စားလှယ်၏အမည်ကို ကြေညာသည့်နေ့မှစ၍ ရက်ပေါင်း ၃၀ အတွင်း အဆိုပါ မဲဆန္ဒနယ် အသီးသီးတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော လွှတ်တော်ကိုယ်စားလှယ်လောင်းများသည် အမည်စာရင်းတင်သွင်းလွှာ တင်သွင်းခဲ့တဲ့ သက်ဆိုင်ရာကော်မရှင်အဖွဲ့ခွဲ သို့မဟုတ် ကော်မရှင်က သတ်မှတ်ပေးသည့် ခရိုင်ကော်မရှင်အဖွဲ့ခွဲ အသီးသီးတွင် ရွေးကောက်ပွဲကုန်ကျစရိတ်စာရင်းကို ပုံစံ(၂၀)ဖြင့် တင်သွင်းကြရမှာဖြစ်ပါတယ်။ ဒါကြောင့် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသော လွှတ်တော်ကိုယ်စားလှယ်လောင်းများနှင့် ၎င်းတို့၏ ရွေးကောက်ပွဲကိုယ်စားလှယ်များအနေနဲ့ ရွေးကောက်ပွဲကုန်ကျစရိတ်စာရင်းအား သတ်မှတ်ရက်အတွင်း တင်သွင်းကြရန် အသိပေးခြင်းဖြစ်ကြောင်း သိရပါတယ်။ (NVS-004)

08 Jan

ADVERTISE HERE .