“မြေချဉ်ငန်ကိန်း လုပ်ငန်းများကို စိုက်ပျိုးရေးတောင်သူများအား လက်တွေ့တိုင်းတာခြင်း လက်တွေ့သရုပ်ပြ”
08 Jan
မြေချဉ်ငန်ကိန်း လက်တွေ့တိုင်းတာခြင်းနှင့် ဓာတ်ခွဲနမူနာ၊ မြေသားနမူနာရယူဆောင်ရွက်ခြင်း၊ စိုက်ပျိုးရေး တောင်သူများအား လက်တွေ့သရုပ်ပြသခြင်းကို ဇနဝါရီလ ၇ ရက်တွင် ပုဗ္ဗသီရိမြို့နယ် ဘဲကုန်းကျေးရွာအုပ်စု ဘဲကုန်းကွင်းကွင်းအမှတ် (၁၆၂၃/က) ၌ကျင်းပပြုလုပ်ခဲ့ကြောင်း သိရပါတယ်။ အဆိုပါ စိုက်ပျိုးရေး တောင်သူများအား လက်တွေ့သရုပ်ပြသခြင်းကို နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး မှ ဦးဆောင်၍ နေပြည်တော်ကောင်စီဝင်များ၊ ဌာနဆိုင်ရာတာဝန် ရှိသူများက သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါတယ်။ နေပြည်တော်ကောင်စီဥက္ကဋ္ဌက သီးနှံများအထွက်နှုန်းကောင်းမွန်စေရန်အတွက် မျိုးကောင်းမျိုးသန့်များရွေးချယ် စိုက်ပျိုးခြင်း၊ မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးအတွက် မြေဆီလွှာစစ်ဆေးခြင်းများကို သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ် ဆောင်ရွက်ရေး၊ စိုက်ပျိုးရေးကဏ္ဍတွင် သီးနှံများအောင်မြင်ဖြစ်ထွန်းရန် မျိုး၊ မြေ၊ ရေ၊ နည်း မှန်ကန်စွာအသုံးပြုရန် အလွန်အရေးကြီးကြောင်း ပြောကြားခဲ့ပါတယ်။ ထို့နောက် နေပြည်တော်စိုက်ပျိုးရေးဦးစီးဌာန တိုင်းဦးစီးမှူးနှင့်တာဝန်ရှိသူများက မြေ၏ ချဉ်ငန်ကိန်း၊ မြေတွင်း အာဟာရ ဆက်စပ်ပုံ၊ မျိုးကောင်းမျိုးသန့်များကို စိုက်နည်းစနစ် မှန်ကန်စွာစိုက်ပျိုးထုတ်လုပ်ခြင်းနှင့် အာဟာရဓာတ်များ ၏ အရေးပါမှုများကို ရှင်းလင်းတင်ပြကြပြီး နေပြည်တော်ကောင်စီ ဥက္ကဋ္ဌမှ မြေချဉ်ငန် ကိန်းတိုင်းတာခြင်းစက်ဖြင့် မြေဆီလွှာ လက်တွေ့စမ်းသပ်သရုပ်ပြတိုင်းတာခြင်းများဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရပါတယ်။ (NVS-004)