“ဧရာဝတီတိုင်းဒေသကြီးရှိ ပင်လယ်ကမ်းခြေ အပန်းဖြေစခန်းများ၌ ခရီးသွား ၂၂,၀၀၀ ကျော် လာရောက်အပန်းဖြေ”
08 Jan
ဧရာဝတီတိုင်းဒေသကြီးရှိ ပင်လယ်ကမ်းခြေအပန်းဖြေစခန်းများဖြစ်သော ငွေဆောင်၊ ချောင်းသာ၊ ရွှေသောင်ယံ နှင့် ဂေါ်ရန်ဂျီကမ်းခြေများသို့ ၂၀၂၆ ခုနှစ် နှစ်သစ်ကူးပိတ်ရက်အတွင်း ပြည်တွင်း၊ ပြည်ပခရီးသွား ၂၂,၀၀၀ ကျော် လာရောက်အပန်းဖြေခဲ့ကြောင်း တိုင်းဒေသကြီး ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ သိရပါတယ်။ နှစ်သစ်ကူးပိတ်ရက်ဖြစ်တဲ့ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်မှ ၄ ရက်အထိ ပိတ်ရက်များအတွင်း ငွေဆောင် ကမ်းခြေသို့ ပြည်တွင်းခရီးသွား ၁၂,၀၀၀ ကျော်၊ ပြည်ပခရီးသွား ၃၉၀ ကျော်၊ ချောင်းသာကမ်းခြေသို့ ပြည်တွင်းခရီးသွား ၉,၄၀၀ ကျော်၊ ပြည်ပခရီးသွား ၃၇ ဦး၊ ရွှေသောင်ယံကမ်းခြေသို့ ပြည်တွင်းခရီးသွား ၅၀၀ ကျော်၊ ပြည်ပခရီးသွား ၁၉ ဦး၊ ဂေါ်ရန်ဂျီကျွန်းသို့ ပြည်တွင်းခရီးသွား ၃၂ ဦးတို့ဖြင့် စုစုပေါင်း ခရီးသွား ၂၂,၀၀၀ ကျော်လာရောက်လည်ပတ်ခဲ့ကြပါတယ်။ ပင်လယ်ကမ်းခြေအပန်းဖြေစခန်းများတွင် ပြည်တွင်း၊ ပြည်ပခရီးသွားများ တည်းခိုအနားယူနိုင်ရန် ငွေဆောင် ကမ်းခြေ၌ ဟိုတယ် ၃၈ လုံး၊ တည်းခိုခန်းအလုံး ၇၀၊ ချောင်းသာကမ်းခြေ၌ ဟိုတယ်နှင့်တည်းခိုရိပ်သာ ၃၂ လုံး၊ တည်းခိုခန်း ၅၅ လုံး၊ ရွှေသောင်ယံကမ်းခြေ၌ ဟိုတယ် ခြောက်လုံး၊ တည်းခိုခန်း သုံးလုံးနှင့် ပုသိမ်မြို့နှင့်အခြားဒေသများ၌ ဟိုတယ်နှင့်တည်းခိုရိပ်သာ ၄၉ လုံး၊ တည်းခိုခန်း ၃၁၅ လုံး ဖွင့်လှစ်ထားလျက်ရှိပါတယ်။ အဆိုပါ ကာလအတွင်း ပင်လယ်ကမ်းခြေအပန်းဖြေစခန်းများသို့ လာရောက်လည်ပတ်မှုအနေနဲ့ ပြည်ပနိုင်ငံပေါင်း ၁၃ နိုင်ငံမှ နိုင်ငံခြားခရီးသွားများ လာရောက်အပန်းဖြေခဲ့ရာမှ တရုတ်၊ ရုရှား၊ အိန္ဒိယနှင့် ထိုင်းနိုင်ငံတို့မှ ခရီးသွားများ အများဆုံးဝင်ရောက်ခဲ့ကြကြောင်း သိရပါတယ်။ (NVS-004)