“မြန်မာ ယူ- ၁၆ ဖူဆယ်အသင်းကို ဆုကြေးငွေ ကျပ်သိန်း ၇၁၀ ချီးမြှင့်ခဲ့”
08 Jan
၂၀၂၅ အာဆီယံ ယူ- ၁၆ ဖူဆယ်ပြိုင်ပွဲမှာ တတိယဆုရရှိခဲ့တဲ့ မြန်မာ ယူ- ၁၆ လူငယ်ဖူဆယ်အသင်းကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) က ဦးဆောင်ခဲ့ပြီး ဆုကြေးငွေ ကျပ် သိန်း ၇၁၀ ချီးမြှင့်ခဲ့ပါတယ်။ ဆုချီးမြှင့်ပွဲကို ဇန်နဝါရီလ ၆ ရက်က ရန်ကုန်မြို့ရှိ သုဝဏ္ဏ MFF Futsal Stadium မှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ မြန်မာ ယူ- ၁၆ လူငယ်ဖူဆယ်အသင်းကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းက ကျပ်သိန်း ၁၀၀၊ MFF ဥက္ကဋ္ဌ ဦးဇော်ဇော်က ကျပ်သိန်း ၂၀၀ ၊ ဖူဆယ်နှင့် သဲသောင်ပြင်ကော်မတီဥက္ကဋ္ဌ ဦးဝင်းသော်က ကျပ်သိန်း ၁၀၀၊ MIU အသင်းပိုင်ရှင် ဦးဖြိုးမောင်မောင်က ကျပ်သိန်း ၁၀၀၊ YRG အသင်းပိုင်ရှင် ဦးထက်ရဲနောင်က ကျပ်သိန်း ၁၀၀၊ TG United အသင်းပိုင်ရှင် ဦးရွှေတောက်က ကျပ်သိန်း ၁၀၀၊ မိသားစုပရိဘောဂလုပ်ငန်း (ဦးကျော်မြင့်ဦး+ဒေါ်ဖြူဖြူဝင်း) က ကျပ် ၁၀ သိန်း စုစုပေါင်း ဆုကြေးငွေ ကျပ်သိန်း ၇၁၀ ကို ချီးမြှင့်ပေးအပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရပါတယ်။ အာဆီယံဘောလုံးအဖွဲ့ချုပ်(AFF)ဟာ အာဆီယံ ယူ- ၁၆ ဖူဆယ်ပြိုင်ပွဲကို ပထမဆုံးကျင်းပခဲ့ခြင်းဖြစ်ပြီး မြန်မာယူ- ၁၆ ဖူဆယ်အသင်းဟာလည်း ပထမဆုံးဖွဲ့စည်းဝင်ရောက်ယှဥ်ပြိုင်ခဲ့တာဖြစ်ပါတယ်။ (NVS 008)