“မြန်မာရိုးရာမုန့်မျိုးစုံ ပြိုင်ပွဲကျင်းပမည်”
08 Jan
မြန်မာရိုးရာမုန့်များ ပြန်လည်ထွန်းကာလာပြီး အသင့်စားအခြားနိုင်ငံထုတ်မုန့်များကို လျော့ချနိုင်ရေး မြန်မာ-ဂျပန်လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုအသင်း (AMSEDC)မှ မြန်မာဂျပန်ရိုးရာ မုန့်မျိုးစုံ ဈေးရောင်း ပွဲတော်ကို ဇန်နဝါရီလ ၃၁ ရက်မှာ ရန်ကုန်မြို့ရှိ မြေပဒေသာကျွန်းတွင် ကျင်းပမည်ဖြစ်ကြောင်း သိရပါတယ်။ အဆိုပါပွဲတော် မြန်မာရိုးရာမုန့်ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် မုန့်ရောင်းချမည့်သူများကို အခမဲ့မုန့်ဆိုင် ဖွင့်ရောင်းချစေမှာဖြစ်ပြီး ဆုချီးမြှင့်ခြင်းကိုလည်း လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း သိရပါတယ်။ မြန်မာရိုးရာမုန့် ပြိုင်ပွဲကို ဇန်နဝါရီလ ၁၆ ရက်မှ ၂၀ ရက်အထိ သတ်မှတ်နေရာမှာ လူဦးရေ ၁၀ ဦးစာ နမူနာမုန့်များနဲ့ လာရောက် ယှဉ်ပြိုင်အရွေးချယ်ခံနိုင်ကြောင်းလည်း အသိပေးထားပါတယ်။ လာရောက်ယှဉ်ပြိုင်မည်သူများအနေနဲ့ မုန့်ပြုလုပ် နေမှုနှင့် မုန့်ရောင်းချ နေတဲ့ ဆိုင်နေရာကို မှတ်တမ်းဓါတ်ပုံနှင့် ရုပ်သံဗီဒီယိုဖိုင်များပါ တစ်ပါတည်းယူဆောင်လာရမှာ ဖြစ်ပါတယ်။ အဆိုပါပြိုင်ပွဲကတစ်ဆင့် မြန်မာရိုးရာ မုန့်အုပ်စုတစ်ခုလျှင် ၃ ဦးစီကို ရွေးချယ်ပြီး သန့်ရှင်းကောင်းမွန်စွာ မုန့်ပြုလုပ်နိုင်သူတစ်ဦးစီကို အရင်းအနှီးမတည်ငွေအဖြစ် လုပ်ငန်းအမျိုးစားပေါ်မူတည်ပြီ ငွေကျပ်သိန်း ၂၀ မှ သိန်း ၅၀ ထိ ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရပါတယ်။ ဒါ့အပြင် ပါဝင်ယှဉ်ပြိုင်မည့် မုန့်အုပ်စုအမျိုးအစားနှင့် အရေအတွက်ပေါ် မူတည်၍ ၁၅ ဦးမှ ၂၀ ဦးထိကိုလည်း ဆုငွေချီးမြှင့်ပေးမှာ ဖြစ်ပါတယ်။ ပြိုင်ပွဲဝင်ရမည့် မုန့်အမျိုးအစားသတ်မှတ်ချက်များမှာ မြန်မာရိုးရာမုန့်များဖြစ်တဲ့ မုန့်ဟင်းခါး၊ အုန်းနို့ခေါက်ဆွဲ၊ မုန့်လက်ဆောင်း၊ ပေါင်မုန့်အုန်းနို့ဆမ်း၊ ရွှေရင်အေး၊ မုန့်လုံးကြီးကြော်၊ မုန့်လက်ကောက်ကြော်၊ အကြော်မျိုးစုံ၊ ဆီထမင်း၊ ရွှေထမင်း၊ ထမနဲ၊ မုန့်လင်မယား၊ သာကူမုန့်ဖက်ထုပ်၊ ကောက်ညှင်းမုန့်ဖက်ထုပ်၊ ပဲပေါက်စီ၊ အုန်းသီး ပေါက်စီ၊ သာကူပြင်၊ မုန့်စိမ်းပေါင်း စသည့်တို့ဖြစ်ကြောင်း သိရပါတယ်။ (NVS 004)