“ရိုးမရိပ်သာအိမ်ရာစီမံကိန်းရှိ အခန်းများကို အတိုးနှုန်းသက်သာသော အိမ်ရာချေးငွေနဲ့ ရောင်းချပေးမည်”
08 Jan
ရန်ကုန်မြို့၊ ဒဂုံ(ဆိပ်ကမ်း)မြို့နယ် ရိုးမရိပ်သာအိမ်ရာစီမံကိန်းရှိ အခန်း ၉၆ ခန်းကို ယခုဇန်နဝါရီလအတွင်း အတိုးနှုန်းသက်သာသော အိမ်ရာချေးငွေနဲ့ ရောင်းချပေးသွားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရပါတယ်။ အဆိုပါ အိမ်ရာအခန်းများကို ဆောက်လုပ်ရေး၊ အိမ်ရာနှင့် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးဘဏ်ချေးငွေနဲ့ ရောင်းချပေးသွားမှာဖြစ်ပြီး ဝယ်ယူလိုသူများအနေဖြင့် CHID ဘဏ်မှာ အိမ်ရာစုဆောင်းငွေကျပ် သိန်း ၃၀ နှင့်အထက် ရှိရမှာ ဖြစ်ပါတယ်။ လက်ရှိမှာ ဆောက်လုပ်ရေး၊ အိမ်ရာနှင့်အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးဘဏ်၏ စာရင်းများအရ ၂၀၂၅ ခုနှစ် အောက်တိုဘာလ ၃၁ ရက်အထိ အိမ်ရာစုဆောင်းငွေ ငွေကျပ် သိန်း ၃၀ နှင့်အထက်ပြည့်မီအောင် စုဆောင်းထားသူ ၂,၀၉၃ ဦးရှိပြီး ၎င်းစာရင်းတွင် ပါဝင်သူများအနေနဲ့လည်း စာရင်းပေးသွင်းလျှောက်ထားနိုင်ကြောင်း သိရပါတယ်။ စိတ်ပါဝင်စားသူများအနေဖြင့် DUHD Sale Housing Facebook Page Messenger မှတစ်ဆင့် စာရင်းပေးသွင်းနိုင်ကြောင်း နှင့် စာရင်းပေးသွင်းခြင်းကို ဇန်နဝါရီလ ၅ ရက်မှ ၉ ရက်အထိ နံနက် ၁၀ နာရီမှ ညနေ ၃ နာရီခွဲချိန်အတွင်း လက်ခံဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းလည်း သိရပါတယ်။ ဒါကြောင့် စာရင်းပေးသွင်းမယ့်သူများအနေနဲ့ ရောင်းချမည့် ရိုးမရိပ်သာအိမ်ရာ၏ တည်နေရာ၊ အဆောက်အအုံ၊ အမျိုးအစား၊ အခန်းအကျယ်အဝန်း၊ ဈေးနှုန်းတို့ကို ကြည့်ရှုလေ့လာပြီး အမည်၊ နိုင်ငံသားစိစစ်ရေးအမှတ်၊ ဘဏ်၏ Downpayment Serial No. တို့ကို ပြည့်စုံစွာစာရင်းပေးသွင်းရမှာ ဖြစ်ပါတယ်။ အဆိုပါ ရောင်းချမည့် အခန်းများမဲနှိုက်ရောင်းချခြင်းကို လာမည့် ဇန်နဝါရီလ ၁၆ ရက်မှာ ဆောင်ရွက် ပေးသွားမည်ဖြစ်ပြီး အခန်းဝယ်ယူခွင့်ရရှိသူများအနေဖြင့် အိမ်ရာချေးငွေကို မဖြစ်မနေချေးယူရမှာဖြစ်ကြောင်းနဲ့ စာရင်းပေးသွင်းလျှောက်ထားသူများအနက် ရောင်းချပေးနိုင်တဲ့ အခန်းအရေအတွက်အရ ဘဏ်၏တန်းစီဇယား အစောဆုံးအမှတ်စဉ်များကို မဲနှိုက်ခွင့်ပြုသွားမှာ ဖြစ်ကြောင်းလည်း သိရပါတယ်။ (NVS 004)