“မော်တော်ယာဉ်ဖောင်းကြွနံပါတ်ပြား ဈေးနှုန်းပြောင်းလဲကောက်ခံမည်”
07 Jan
ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ တပ်ဆင်ပေးနေတဲ့ မော်တော်ယာဉ်ဖောင်းကြွနံပါတ်ပြားများကို ဈေးနှုန်းပြောင်းလဲကောက်ခံသွားမည်ဖြစ်ကြောင်း သိရပါတယ်။ လက်ရှိကောက်ခံနေသောနှုန်းထားများက ၂၀၂၀ ပြည့်နှစ်က သတ်မှတ်ထားသော နှုန်းထားများဖြစ်တာကြောင့် လက်ရှိငွေကြေးဈေးကွက်နှင့် လျော်ညီမှုရှိစေရန် ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၁ ရက်မှစတင်၍ မော်တော်ယာဉ်ဖောင်းကြွ နံပါတ်ပြားများ ဈေးနှုန်းပြောင်းလဲကောက်ခံခြင်းဖြစ်ကြောင်း အသိပေးထားပါတယ်။ ပြောင်းလဲကောက်ခံမည့်ဈေးနှုန်းများမှာ မော်တော်ယာဉ် ၄၀,၀၀၀ ကျပ်၊ ထော်လာဂျီ ၄၀,၀၀၀ ကျပ်၊ မော်တော်ဆိုင်ကယ် ၇,၀၀၀ ကျပ်၊ သုံးဘီးတပ်ယာဉ် ၁၀,၀၀၀ ကျပ်၊ နောက်တွဲယာဉ် ၂၀,၀၀၀ ကျပ်တို့ ဖြစ်ကြောင်း သိရပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလကုန်အထိ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၏ စာရင်းများအရ မှတ်ပုံတင်ထားသည့် လူစီးမော်တော်ယာဉ် ၆၄၆,၀၀၀ ကျော်၊ ထော်လာဂျီ ၃၃,၀၀၀ ကျော်၊ သုံးဘီးတပ်ယာဉ် ၁၂၀,၀၀၀ ကျော်၊ နောက်တွဲယာဉ် ၂၃,၀၀၀ ကျော်နှင့် မော်တော်ဆိုင်ကယ် ၄ သန်း ၂ သိန်းကျော်ရှိကြောင်း သိရပါတယ်။ (NVS 004)