“ကိုယ်စားလှယ်လောင်းများ၏ ကုန်ကျစရိတ်စာရင်းများ တင်သွင်းရန်ပျက်ကွက်ပါက အရည်အချင်းပျက်ယွင်းသူ အဖြစ် ကြေညာခံရမည်”
06 Jan
လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ ကုန်ကျစရိတ်များကို အချိန်မီတင်သွင်းကြရန်နှင့် တင်သွင်းရန် ပျက်ကွက်ပါက အရည်အချင်းပျက်ယွင်းသူအဖြစ် ကြေညာခံရမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးသန်းစိုး က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများတွေ့ဆုံပွဲမှာ အသိပေး ပြောကြားခဲ့ပါတယ်။ အဆိုပါအခမ်းအနားကို ဇန်နဝါရီလ ၅ ရက် နံနက် ၉ နာရီတွင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရုံး၊ အစည်းအဝေးခန်းမမှာ ကျင်းပပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ အခမ်းအနားမှာ ရွေးကောက်ပွဲကျင်းပခြင်းနှင့်ပတ်သတ်ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသန်းစိုး က ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်တွင် ရွေးကောက်ပွဲအပိုင်း(၁)ကို အောင်မြင်စွာကျင်းပပေးနိုင်ခဲ့ပြီ ဖြစ်ပါ ကြောင်း ရွေးကောက်ပွဲအပိုင်း (၂) နှင့် အပိုင်း (၃) တို့ကို ဆက်လက်ကျင်းပနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း ရွေးကောက်ပွဲဆိုင်ရာ စုဝေးဟောပြောခြင်း၊ မဲဆွယ်စည်းရုံးခြင်းများ ဆောင်ရွက်နိုင်ရန် ရက်ပေါင်း ၆၀ သတ်မှတ်ခွင့်ပြု ပေးခဲ့ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် မဲဆွယ်စည်းရုံးရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ရာမှာ မဲဆွယ်စည်းရုံးရေးဆိုင်ရာဥပဒေ၊ စည်းကမ်းများနှင့်အညီ စနစ်တကျဖြစ်အောင် ဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြားခဲ့ပြီး ရွေးကောက်ပွဲအပိုင်း (၁) မှ ရွေးကောက်တင်မြှောက်ခံရတဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ ရွေးကောက်ပွဲ ကုန်ကျစရိတ်စာရင်း များကို သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲနည်းဥပဒေ ၁၀၂ ပါအတိုင်း သတ်မှတ်ရက်အတွင်း အချိန်မီတင်သွင်း ကြရန်နှင့် တင်သွင်းရန်ပျက်ကွက်ပါက အရည်အချင်းပျက်ယွင်းသူအဖြစ် ကြေညာခံရမယ်လို့ အသိပေးပြောကြားခဲ့ ပါတယ်။ အခမ်းအနားသို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ၊ ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများ၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံးမှ တာဝန်ရှိသူများ၊ နိုင်ငံရေးပါတီ ၄၇ ပါတီမှ ဥက္ကဋ္ဌများ၊ ခေါင်းဆောင်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရပါတယ်။ (NVS 004)