“Passport အမြန်ဝန်ဆောင်မှုများ စတင်ဆောင်ရွက်ပေးနေ”
05 Jan
အရေးကြီး/ အရေးပေါ်ဖြင့် ပြည်ပသို့ သွားရောက်လိုသူများ Online Booking တင်ရာမှာလည်းကောင်း၊ ရုံးတွင်းဆောင်ရွက်ရာမှာလည်းကောင်း စောင့်ဆိုင်းရန် မလိုဘဲ ငါး ရက်နှင့် Passport ရရှိနိုင်မည့် အမြန်ဝန်ဆောင်မှု (Express Service)ကို ဇန်နဝါရီလ ၅ ရက်မှာ စတင်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံကူး လက်မှတ် ထုတ်ပေးရေးရုံးမှ ထုတ်ပြန်အသိပေးထားပါတယ်။ အဆိုပါထုတ်ပြန်ချက်အရ မည်သည့်အိမ်ထောင်စုစာရင်းဝင်မဆို ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော် တို့ရှိ မြန်မာနိုင်ငံကူး လက်မှတ်ထုတ်ပေးရေးရုံးများမှာ လျှောက်ထားနိုင်ခဲ့ပါတယ်။ အခုလိုလျှောက်ထားလာတဲ့ လျှောက်လွှာများကို လက်ခံပြီး ငါးရက်အကြာမှာ နိုင်ငံကူးလက်မှတ်စာအုပ်ရမည်ဖြစ်ပြီး အမြန်ဝန်ဆောင်ခမှာ စာအုပ်ဖိုးအပါအဝင်ကျပ် ၅၄၅,၀၀၀ ကျသင့်မှာ ဖြစ်ပါတယ်။ အခုလိုလျှောက်ထားရာအမည်မည်းစာရင်းမှာ ပါဝင်သူများ၊ ပြစ်မှုကျူးလွန်ပြီး စစ်ဆေးချက်မပြီးစီးသူများ၊ ပြစ်ဒဏ်ကာလ မပြည့်မြောက်မီလွတ်ငြိမ်းချမ်းသာဖြင့် လွတ်မြောက်လာသူများ၊ ပြည်ပထွက်ခွာမှုတားဆီးခံရသူများ၊ လက်ရှိနိုင်ငံ့ဝန်ထမ်းများ၊ အစိုးရအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အခြားအဖွဲ့အစည်းများနှင့် ပုဂ္ဂလိက အဖွဲ့အစည်းများမှ ထောက်ခံချက်လိုအပ်သူများ ငွေမဆုံးရှုံးစေရေးအတွက် ရုံးများတွင်စုံစမ်းပြီးမှသာ လျှောက်ထားရန် မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးက အသိပေးထုတ်ပြန်ထားပါတယ်။ (NVS 004)