“ကျိုင်းခမ်းရေလှောင်တမံ ဘက်စုံစီမံကိန်းပြီးစီး၍ လျှပ်စစ်ဓာတ်အားများ စတင်စမ်းသပ်ထုတ်လွှတ်မည်”

05 Jan

ရှမ်းပြည်နယ်(တောင်ပိုင်း) ရပ်စောက်မြို့နယ် ကျိုင်းခမ်းကျေးရွာအနီး နမ့်အက်ချောင်းပေါ်မှာ တည်ဆောက် လျက်ရှိတဲ့ ကျိုင်းခမ်းရေလှောင်တမံ ဘက်စုံစီမံကိန်းက ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်မှာ ရာနှုန်းပြည့်နီးပါး တည်ဆောက် ပြီးစီးပြီဖြစ်သလို ရေကိုလည်း တမံအတွင်း ကန်ရေပြည့်အမှတ်အထက်သို့ သိုလှောင်ထားရှိပြီးဖြစ်သဖြင့် တာဘိုင် Unit(1) နှင့် (2) လည်ပတ်ကာ လျှပ်စစ်ဓာတ်အားများ စတင်စမ်းသပ်ထုတ်လွှတ်နိုင်ရေး စီမံဆောင်ရွက်လျက် ရှိကြောင်း သိရပါတယ်။ ရေဧကပေ ၃၅၀,၀၀၀ ခန့် သိုလှောင်နိုင်တဲ့ ကျိုင်းခမ်းရေလှောင်တမံဘက်စုံစီမံကိန်းအနေနဲ့ လျှပ်စစ်တပ်ဆင် ဓာတ်အား ၁၀ မဂ္ဂါဝပ် (၅ မဂ္ဂါဝပ် x ၂ လုံး)နဲ့ နှစ်စဉ်လျှပ်စစ်စွမ်းအင် ၂၄ ကီလိုဝပ် နာရီသန်းပေါင်း ထုတ်လွှတ် နိုင်မည်ဖြစ်ပြီး ထုတ်လွှတ်ရေများကို ဆက်သွယ်မြောင်းမှတစ်ဆင့် ဇော်ဂျီရေလှောင်တမံနှင့် မြို့ကြီးရေလှောင်တမံ တို့သို့ ရေကူဖြည့်သွင်းပေးနိုင်မည်ဖြစ်ပါတယ်။ အဆိုပါရေလှောင်တမံနှစ်ခုတို့မှ ရေအားလျှပ်စစ်ပိုမိုတိုးမြှင့်ထုတ်လွှတ်နိုင်မည်ဖြစ်ကာ ဇော်ဂျီရေသောက် စနစ်နှင့် ကင်းတားလက်ယာမြောင်းရေသောက်စနစ်ရှိ လယ်မြေဧရိယာဧက ၁၂၀,၀၀၀ ခန့်မှာ သီးထပ်စိုက်ပျိုးခြင်း အတွက် ရေဖူလုံစွာရရှိစေမှာဖြစ်ကြောင်း သိရပါတယ်။ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် က ရှမ်းပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဇန်နဝါရီလ ၂ ရက်၊ နံနက်ပိုင်းက အဆိုပါကျိုင်းခမ်းရေလှောင်တမံဘက်စုံစီမံကိန်း၏ ပင်မတမံတည်ဆောက်ပြီးစီးမှု၊ ရေသိုလှောင်ထားရှိ မှုနှင့် ရေအားလျှပ်စစ်စက်ရုံမှ လျှပ်စစ်ဓာတ်အားများ စမ်းသပ်ထုတ်လွှတ်ရန် ဆောင်ရွက်ထားရှိမှုတို့ကို ကြည့်ရှု စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။ (NVS 004)

05 Jan

ADVERTISE HERE .