“နိုင်ငံတော်ယာယီသမ္မတမှ ဂုဏ်ထူးဆောင်ဘွဲ့များချီးမြှင့်အပ်နှင်း”

05 Jan

(၇၈) နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့်အပ်နှင်းခြင်းအခမ်းအနားကို ဇန်နဝါရီလ ၄ ရက်နံနက်ပိုင်းမှာ ကျင်းပခဲ့ရာ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က တက်ရောက်ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရပါတယ်။ နိုင်ငံတော်ယာယီသမ္မတက တိုင်းပြည်တည်ဆောက်ရေးလုပ်ငန်း၊ နိုင်ငံတော်တည်ဆောက်ရေးလုပ်ငန်း များကို ကဏ္ဍပေါင်းစုံ၊ ဘက်ပေါင်းစုံမှ အသိပညာရှင်၊ အတတ်ပညာရှင်များ၊ စွမ်းဆောင်နိုင်သူများ ပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိ၍ မျက်မှောက်နိုင်ငံတော်မှာ ရင်ဆိုင်ကြုံတွေ့နေရတဲ့ လက်နက်ကိုင် အကြမ်းဖက်မှုအန္တရာယ်များနှင့် အခက်အခဲများကို ထိထိရောက်ရောက် တုံ့ပြန်ကိုင်တွယ်ဖြေရှင်းနိုင်ပြီး နိုင်ငံသား များ၏ အကျိုးစီးပွားကို အကာအကွယ်ပေးနိုင်နေ ခဲ့ခြင်းပင်ဖြစ်တယ်လို့ ပြောကြားခဲ့ကြောင်း သိရပါတယ်။ ဆက်လက်ပြီး နိုင်ငံတော်သမ္မတ က နိုင်ငံတော်ကိုကာကွယ်စောင့်ရှောက်ဖို့တာဝန်ယူထားတဲ့ တပ်မတော်ဟာ နိုင်ငံတော်ရဲ့ အစိတ်အပိုင်းတစ်ရပ်ဖြစ်ကြောင်း၊ အခုလိုတပ်မတော်သားတွေကလည်း ပြည်သူလူထုကြားက ပေါက်ဖွားလာကြသူတွေဘဲဖြစ်လို့ တပ်မတော်အနေနဲ့ ပြည်သူတွေလိုလားတောင့်တတဲ့ ပါတီစုံဒီမိုကရေစီ လမ်းကြောင်းပေါ်မှာ လျှောက်လှမ်းနိုင်ဖို့ အဆင့်ဆင့်ဖော်ဆောင်ပေးခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ အဲဒီနောက် နိုင်ငံတော်ယာယီသမ္မတမှ ပြည်ထောင်စုစည်သူသင်္ဂဟဘွဲ့များဖြစ်တဲ့ စည်သူဘွဲ့ ၁၃ ဦး၊ တပ်မတော်စွမ်းရည်သတ္တိဘွဲ့များဖြစ်တဲ့ သီဟသူရဘွဲ့ ၂ ဦးနှင့် သူရဘွဲ့ ၁ ဦး၊ သီရိပျံချီဘွဲ့ ၁၀ ဦး၊ ဇေယျကျော်ထင်ဘွဲ့ ၉ ဦး၊ ဝဏ္ဏကျော်ထင်ဘွဲ့ ၁၇ ဦး၊ အလင်္ကာကျော်စွာဘွဲ့ ၈ ဦး၊ သိပ္ပကျော်စွာဘွဲ့ ၁၁ ဦးတို့ကို ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့်အပ်နှင်းခဲ့ကာ အခမ်းအနားတက်ရောက်လာကြသူများ၊ ဂုဏ်ထူးဆောင်ဘွဲ့ရသူများနှင့် ၎င်းတို့၏မိသားစုဝင် များကို ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြောင်း သိရပါတယ်။ (NVS 004)

05 Jan

ADVERTISE HERE .