ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ မြောင်းမြမြို့နယ်တွင် နေကြာ ဧက ၂,၀၁၀ ထိ စိုက်ပျိုးပြီးစီး

04 Jan

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်တွင် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ နေကြာဧက ၂,၀၁၀ ထိ စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း မြောင်းမြခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ သိရပါတယ်။ မြောင်းမြမြို့နယ်တွင် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ နေကြာ ၇,၆၁၈ ဧက စိုက်ပျိုးရန်လျာထားပြီး ၂၀၂၅ ခုနှစ် နိုဝင်ဘာလ ပထမပတ်က စတင်စိုက်ပျိုးခဲ့ရာ လက်ရှိတွင် နေကြာဧက ၂,၀၁၀ ထိ စိုက်ပျိုးပြီးစီးပြီဖြစ်ပါတယ်။ ဆီထွက်သီးနှံနေကြာတွေ အထွက်နှုန်းကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့နည်းပညာတွေကို ဆောင်ရွက် ပေးထားပြီး ဒေသခံတောင်သူတွေအနေနဲ့ ယခင်နှစ်တွေကလဲ နေကြာစိုက်တဲ့ အတွေ့အကြုံရှိပြီးဖြစ်လို့ နေကြာ စိုက်ပျိုးရာမှာ အထောက်အကူဖြစ်စေကြောင်း၊ နေကြာစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းစေရန်၊ အထွက်နှုန်းတိုးတက် စေ‌ရန်နှင့် ပိုးမွှားအန္တရာယ်ကင်းရှင်းစေရန်တို့ကို ဆက်လက်ဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း မြောင်းမြခရိုင် စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူးက ပြောကြားခဲ့ပါတယ်။ မြောင်းမြမြို့နယ်တွင် နေကြာသီးနှံများ အခက်အခဲမရှိ စနစ်တကျစိုက်ပျိုးနိုင်ရန် စိုက်ပျိုးရေးဦးစီးဌာနက စိုက်ပျိုးရေးနည်း ပညာပေးလုပ်ငန်းများကို ကွင်းဆင်းပို့ချပေးခြင်း၊ လိုအပ်သောသွင်းအားစုများ ပံ့ပိုးပေးခြင်း၊ မြေဆီလွှာပြုပြင်မှုများ ဆောင်ရွက်ပေးခြင်း၊ စိုက်ပျိုးရေးသွင်းအားစုများ အသုံးပြုမှုမှန်ကန်စေရန် နည်းပညာပေးခြင်း စသည့် လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိပါတယ်။ နေကြာကို အထွက်နှုန်းတိုးတက်ကောင်းမွန်အောင် စိုက်ပျိုးနိုင်မည်ဆိုပါက ဒေသတွင်းဆီစားသုံးမှု ဖူလုံ စေမည့်အပြင် ပိုလျှံမှုကို ရောင်းချနိုင်သဖြင့် ဝင်ငွေရရှိပြီး လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာစေမှာဖြစ်ပါတယ်။(NVS 004)

04 Jan

ADVERTISE HERE .