ဘက်ထရီလျှပ်စစ်စက်ခေါင်းဖြင့် နေပြည်တော်-တောင်ငူရထားလမ်းပိုင်း စမ်းသပ်မောင်းနှင်မှုအား လိုက်ပါစစ်ဆေး

04 Jan

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦး က တာဝန်ရှိသူများနှင့်အတူ ဇန်နဝါရီလ ၃ ရက် နံနက်ပိုင်းတွင် ဘက်ထရီလျှပ်စစ်စက်ခေါင်းအမှတ် 1600-04 ဖြင့် နေပြည်တော်- တောင်ငူ ရထားလမ်းပိုင်း၌ ရထားစမ်းသပ်မောင်းနှင်နေမှုကို လိုက်ပါစီးနင်းပြီး လမ်းပိုင်းနှင့်ဘူတာများ၊ တောင်ငူမြို့ရှောင်လမ်း ဖောက်လုပ်မည့်အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရပါတယ်။ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နေပြည်တော်-တောင်ငူ ရထားလမ်းပိုင်း ပြည်ဝင်ဘူတာသို့ ရောက်ရှိပြီး ဘူတာတည်ဆောက်ရေးလုပ်ငန်းများ အချိန်မီပြီးစီးရေးနှင့် သတ်မှတ်စံချိန်စံညွှန်းနှင့်အညီဖြစ်စေရေး စနစ်တကျ သာယာလှပစေရေး ထိန်းသိမ်းဆောင်ရွက်ရန်တို့ကို မှာကြားခဲ့ပါတယ်။ ထို့နောက် ပျဉ်းမနား-တောင်ငူလမ်းပိုင်းအတွင်း ကျွန်းကုန်းဘူတာအနီး Automatic Levelling Lining Tamping Machine စက်ဖြင့် ကျောက်ပါကင်ရိုက်ခြင်းနှင့် သံလမ်း Level ချိန်ညှိနေမှုကို ကြည့်ရှုစစ်ဆေးပြီး နေပြည်တော်နှင့် တောင်ငူအကြား အမြန်နှုန်း ၇၅ ကီလိုမီတာနှုန်း အပြည့်အဝမောင်းနှင်နိုင်ရေး စဉ်ဆက်မပြတ် ထိန်းသိမ်းပြုပြင်ဆောင်ရွက်ရန်မှာကြားခဲ့ပါတယ်။ ဆက်လက်၍ တောင်ငူဘူတာသို့ရောက်ရှိပြီး ယင်းမှတစ်ဆင့် တောင်ငူမြို့ မြို့ရှောင်ရထားလမ်း ဖောက်လုပ် နေသည့်နေရာသို့ ကြည့်ရှုစစ်ဆေးကာ ဖို့မြေဖို့ရာတွင် အောက်ခံနုန်းမြေသားများ ပြောင်စင်အောင်ဖယ်ထုတ်ပြီးမှ Compression ရအောင် တစ်လွှာပြီးတစ်လွှာဖို့၍ ကြိတ်ရန်၊ အမာခံ ခံနိုင်အားကို စနစ်တကျမှတ်တမ်းတင်ထားရှိရန်၊ ရထားလမ်းမှ ၇၅ ပေအကွာ နယ်နိမိတ်တစ်လျှောက် ရေနုတ်မြောင်းတစ်ပါတည်း တူးဖော်ရန်နှင့် သတ်မှတ် အကွာအဝေးအလိုက် သစ်ပင်များအား လာမည့်မိုးရာသီတွင် အပြီးစိုက်ပျိုးရန်၊ မြို့ရှောင်လမ်း ဘူတာပရိဝုဏ်မြေဖို့ လုပ်ငန်းကို ၂၀၂၆ ခုနှစ် ဧပြီလကုန်အပြီး ဆောင်ရွက်ရန်မှာကြားပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးကာ တောင်ငူမှ နေပြည်တော်သို့ ဘက်ထရီလျှပ်စစ်စက်ခေါင်း ရထားတွဲဆိုင်းဖြင့် ပြန်လည်စီးနင်းလိုက်ပါခဲ့ ပါတယ်။ အဆိုပါ လျှပ်စစ်စက်ခေါင်းက နိုင်ငံတော်ယာယီသမ္မတ ၏ လမ်းညွှန်ချက်အရ စက်ခေါင်းသစ် တပ်ဆင် ထုတ်လုပ်ရေးစက်ရုံ(နေပြည်တော်)မှ တပ်ဆင်ထုတ်လုပ်ခဲ့သော စက်ခေါင်းဖြစ်ပြီး ၂၀၂၅ ခုနှစ်အတွင်း လေးခေါင်း မြောက် တည်ဆောက်ခဲ့သည့် စက်ခေါင်းဖြစ်ကြောင်းကာ ဘဏ္ဍာနှစ်အလိုက် တိုးချဲ့ထုတ်လုပ်တည်ဆောက် သွားမည်ဖြစ်ကြောင်းသိရပါတယ်။(NVS 004)

04 Jan

ADVERTISE HERE .