ငြိမ်းချမ်းရေးသဘောတရားနှင့် အမျိုးသားစည်းလုံးညီညွတ်ရေးတန်ဖိုးတို့ကို အမှန်တကယ်လက်ခံကျင့်သုံးမှသာ ငြိမ်းချမ်းရေးနှင့် အေးချမ်းသာယာမှုအသီးအပွင့်ကို အပြည့်အဝခံစားကြရမည်
04 Jan
ငြိမ်းချမ်းရေးသဘောတရားနှင့် အမျိုးသားစည်းလုံးညီညွတ်ရေးတန်ဖိုးတို့ကို အမှန်တကယ်လက်ခံကျင့်သုံး မှသာ ငြိမ်းချမ်းရေးနှင့် အေးချမ်းသာယာမှုအသီးအပွင့်ကို အပြည့်အဝခံစားကြရမှာဖြစ်ကြောင်း ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်(ယနေ့)တွင်ကျရောက်သည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ (၇၈)နှစ်မြောက် လွတ်လပ် ရေးနေ့အခမ်းအနားသို့ နိုင်ငံတော်ယာယီသမ္မတထံမှ ပေးပို့သည့်သဝဏ်လွှာတွင် ဖော်ပြခဲ့ပါတယ်။ နိုင်ငံတော်ယာယီသမ္မတက ယနေ့အချိန်အခါတွင် မိမိတို့နိုင်ငံ၏ ပကတိလိုအပ်ချက်သည် လက်နက်ကိုင် လမ်းစဉ်ချုပ်ငြိမ်းပြီး နိုင်ငံတစ်ဝန်း ထာဝရငြိမ်းချမ်းရေးပင်ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးသည် ပဋိပက္ခများမရှိခြင်း ဟူသော သဘောတရားထက် ပိုမိုလေးနက်မှုရှိပြီး ပြဿနာများကို ငြိမ်းချမ်းစွာဖြေရှင်းတတ်ခြင်း၊ မတူကွဲပြားမှုကို လေးစားတတ်ခြင်းနှင့် တစ်ဦးကိုတစ်ဦး နားလည်သည်းခံခွင့်လွှတ်ခြင်းတို့အပေါ်တွင် အခြေခံကြောင်း၊ ငြိမ်းချမ်းရေး သဘောတရားနှင့် အမျိုးသားစည်းလုံးညီညွတ်ရေး တန်ဖိုးတို့ကို အမှန်တကယ်လက်ခံကျင့်သုံးမှသာ ငြိမ်းချမ်းရေးနှင့် အေးချမ်းသာယာမှု အသီးအပွင့်ကို အပြည့်အဝခံစားကြရမှာဖြစ်ကြောင်း ဖော်ပြပါရှိပါတယ်။ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်နိုင်မှုသည် လူတစ်ဦးချင်းစီ၏ အသိဉာဏ်ပညာပြည့်ဝမှု၊ ဆင်ခြင်တုံတရား ရှိမှု၊ တန်ဖိုးထားလေးစားတတ်မှုများပေါ်တွင် မူတည်ပါကြောင်း၊ ဒါကြောင့် နိုင်ငံသားတိုင်း ဗလငါးတန်နှင့် ပြည်စုံပြီး အသိပညာ၊ ဗဟုသုတနှင့် ဆင်ခြင်တုံတရားရရှိစေရေးအတွက် ပညာသင်ယူရာ နေရာအသီးသီးမှအစပြု၍ လေ့ကျင့် ပျိုးထောင်ပြီး ငြိမ်းချမ်းရေးနှင့် အမျိုးသားရေးစိတ်ဓာတ်များ မွေးမြူကြရာမှာဖြစ်ကြောင်း ထည့်သွင်းဖော်ပြခဲ့ပါတယ်။(NVS 004)